စာမရေးဖြစ်တာလည်း ကြာပြီဆိုတော့ ဒီနေ့တွေ့ကြုံခဲ့ရတဲ့ ကိုယ်တွေ့လေးကိုပဲ တင်ပြလိုက်ပါ အုံးမယ်။ ဒီနေ့ ဆရာမခေါ်လို့ ကျောင်းကို တစ်ယောက်တည်း သွားတယ် ၊ တစ်ယောက်တည်း ပြန်လာတယ်။ ရာသီဥတုကတော့ သိပ်မအေးတော့ပါဘူး ။ ဒါပေမဲ့ နှင်းတွေ အရည်ပျော်တော့ လမ်းလျှောက်ရတာ မကောင်းဘူး ။ ဖိနပ်တွေ ဘောင်းဘီတွေ ပေတာပေါ့ ။ မိုးဖွဲလေးလဲ ကျနေ သေးတယ်။ ဒါက ဒီနေ့စ ကြုံရတာလေးကို စကားခင်းလိုက်တာပါ။ ဒီလိုနဲ့ ကျောင်းရောက်သွားတယ်၊ ဆရာမကြီးနဲ့ စာတွေ ပြောကြ ၊ မေးကြပေါ့ ။ သိပ်တော့မများပါဘူး နာရီဝက်လောက်ပါပဲ ။ ထို့နောက် ဆရာမကြီးကို နုတ်ဆက်ပြီး ပြန်လာခဲ့ပါတယ်။ မနက်က ဘာမှ မစားခဲ့တာရယ် ၊ ရာသီဥတု ကြောင့်ရယ်လားမသိပါဘူး လမ်းလျှောက်ရင်းနဲ့ပဲ ခေါင်းမူးသလိုလို ၊ ဇတ်ကြောတွေ တတ်သလိုလိုနဲ့ သိပ်အဆင်မပြေတော့ဘူး ။ ဒါနဲ့ ကားဂိတ်ကို အမြန်လေး လျှောက်လာတယ်။ ကားဂိတ်ရောက်တော့ ကား ၃ စီးလောက်ကျော်မှ လိုက်ဖြစ်တယ်၊ ရုံးဆင်းချိန်ဆိုတော့ လူကြပ်တာနဲ့ မလိုက်ဘဲ နေလိုက်တာပါ ။ နောက် ၄ စီးမြောက်ကြတော့ အိမ်မြန်မြန်ရောက်ချင်စိတ်နဲ့ ဘယ်လိုဖြစ်ဖြစ် လိုက်တော့မယ် စိတ်ကူးပြီး တတ်လိုက်ပါတယ်။
ကံကောင်းချင်တော့ ခုံတစ်နေရာ လွတ်နေတာနဲ့ ၀င်ထိုင်လိုက်ပါတယ်။ ခေါင်းက မူးနောက်နောက် ဖြစ်နေတာနဲ့ အပြင်ကို ကြည့်ကြည့်ပေးနေပါတယ်။ သို့သော် ရာသီဥတုကအေးသေးတော့ တံခါးတွေက မဖွင့်သေးဘူးလေ ။ နွေဆိုရင်တော့ တံခါးလေးတွေ ဖွင့်ထားတော့ အဆင်ပြေတယ် ၊ လေရတယ် ။ နောက် ၂ မှတ်တိုင်ရောက်တော့ ကားပေါ်ကို အထုပ် နှစ်ထုပ် လက်ကဆွဲပြီး အသက် ၆၀ကျော်ရှိမည် ထင်ရသော အဖွားအို တစ်ယောက် တတ်လာပါတယ်။ ကျွန်တော်လည်း အမှုမဲ့ အမှတ်မဲ့ပါဘဲ ။ နောက်မှတ်တိုင် ရောက်တော့ လူတွေပိုတိုးလာတယ် ၊ ကားက ပိုကြပ်လာတယ်။ ခုံရထားတဲ့သူတွေကလဲ အေးဆေးပါပဲ။ ဘယ်သူမှ မထပေးကြဘူး ။ ကျွန်တော်လဲ ထပေး လိုက်ရမလား ၊ သူတို့များ ထပေးမလားနဲ့ စောင့်နေ သေးတယ်။ ဘယ်သူမှ ထပေးဟန်မပေါ်တာနဲ့ ကျွန်တော် ထပေးလိုက်ပါတယ် ။
" အဖွား ၀င်ထိုင်ပါ " လို့ ပြောလိုက်တာနဲ့ အဖွားအိုကလဲ ချက်ချင်းဝင်ထိုင်ပြီး " ကျေးဇူးတင်ပါတယ် … ကျန်းမာပါစေ … ဘုရားသခင် ကောင်းချီးပေးပါစေ" ဆိုပြီးဆုတွေ ပေးနေပါတယ်။ ကျွန်တော်လဲ ခေါင်းကမူးနေတာနဲ့ ကျေးဇူးပါပဲ လို့ပြောပြီး အပေါ်က လက်ကိုင်တန်းကို ကိုင်ပြီး ရပ်နေပါတယ်။ လူတွေ ထပ်ထပ်တိုးလာတာနဲ့ အဲဒီကျွန်တော် ဖယ်ပေးလိုက်တဲ့ ခုံနောက်ကို ရောက်သွားပါတယ်။ မှန်နားလေးမှာ ရပ်နေလိုက်ပါတယ်။ အဲဒီမှာပဲ လက်တစ်လုံး နီးနီးလောက်ဟနေတဲ့ မှန်နဲ့တံခါးဘောင် နေရာလေးကို မျက်နှာက ရောက်သွားတော့ လေက မျက်နှာကို ဝေ့တိုက်လိုက်တာ သတိထားမိတယ်။ ဒါနဲ့ အော်…ဒီနေရာက လေရတာပဲဆိုပြီး အဲနားလေးမှာပဲ ကပ်ပြီးရပ်နေပါတော့တယ်။ သိပ်မကြာခင်ပဲ ခေါင်းမူးသလိုလို ဖြစ်နေတာက သက်သာလာတယ် ။ ပိုလန်းလာတယ် ။ ကြာလာတော့ သက်သာသွားတယ် ။ ဒီလိုနဲ့ ကျွန်တော့်မှတ်တိုင်ရောက်တော့ ဆင်းလိုက်ပါတယ် ။ အဖွားအိုကိုလဲ နုတ်ဆက်ခဲ့ပါသေးတယ်။ လမ်းလျှောက်ရင်း တွေးမိလိုက်တာက ဒါ စေတနာ့ အကျိုးကျေးဇူးဖြစ်မယ်လို့ တွေးမိလိုက်ပါတယ် ။ကျွန်တော်ဟာ ခုဆိုရင် လန်းလန်းဆန်းဆန်းဖြစ်နေပြီလေ။ ပုံမှန်လမ်းလျှောက်လာရင်း ဒီနေ့ကိုယ်လုပ်ပေးခဲ့တဲ့ လုပ်ရပ်လေးအတွက် စိတ်ထဲမှာလဲ ပျော်သလိုလို ခံစားလာမိတယ်။ အဖြစ်ပျက်လေးကတော့ ဒါပါပဲ ။ ကျွန်တော်ရေးတတ်သလိုလေးနဲ့ ၊ ကျွန်တော့် ကိုယ်တွေ့လေးကို ရေးလိုက်တာပါ ။
ဖတ်လိုက်လို့ တစ်ခုခုလေးရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ ဆက်လျှက်ရေးပါအုံးမယ်…..
ရှင်းသန့်(15.03.2011)
0 comments:
Post a Comment