တစ်နှစ်တာက အချိုးချလိုက်လို့လား ဒီအချိန်မှာ ဖြေရမယ်လို့ သတ်မှတ်လိုက်လို့လား မသိပါ ၊ သို့သော် မကြာသော ရက်အနည်းငယ်တွင် နှစ်ဝက်စာမေးပွဲကြီးနီးလို့ပင် လာပါပြီ။ ကျွန်တော်တို့ဆီမှာ နှစ်ဝက်စာမေးပွဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်က န၀မတန်း ကျောင်းသားလေးပါ။ ဒီစာမေးပွဲမှာ အဆင့်ကောင်းတဲ့သူတွေ မြို့ကို ပညာရည်ချွန်အဖြစ် ရွေးချယ်ခံရပြီး သွားရောက် ယှဉ်ပြိုင် ဖြေဆိုရပါမယ်။ ကျွန်တော်တို့စာသင်ကျောင်းလေးက မြို့နဲ့၎မိုင်လောက် အဝေးမှာ တည်ရှိပါတယ်။ ရွာအလယ်တန်း ကျောင်းကို မြို့မှတွဲဘက် အထက်တန်း ကျောင်းအဖြစ် တွဲယူထားတဲ့ ကျောင်းလေး ဖြစ်ပါတယ်။ ရွာပေါင်းစုံက လာတတ်ကြတော့ လူများပါတယ်။ ရွာပေါင်းစုံက လာဆုံကြရပါတယ် ။
ရွာတွေတိုင်းမှ အတော်တွေ လာစုကြပါတယ်၊ ပုံမှန်တွေကော၊ ညံ့တာတွေကော ပါတာပေါ့။ ပညာရည်ချွန် အရွေးခံရသူများကတော့ အလွယ်ပြောမယ်ဆိုရင်တော့ အတန်းထဲမှာ ထူးချွန်သူများ (စာတော်သူများ)ပေါ့ ။ ဘာသာစုံဖြေဆိုဖို့ ရွေးချယ်ခံရသူများရှိသလို၊ တစ်ဘာသာခြင်း ဖြေဆိုဖို့ ရွေးချယ်ခံရသူများလည်း ရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် မြို့တတ်ပြီး သွားပြိုင် ရတယ်ဆိုတော့ ဂုဏ်ယူစရာ၊ ၀မ်းသာစရာ တစ်နည်းအားဖြင့် ကြွားစရာလဲ ဖြစ်တာပေါ့ဗျာ ။ ရွာရဲ့ အသိုင်းဝိုင်းမှာတော့ လူတော်လေးတွေပေါ့။ သွားမဖြေခင် ၂ ပတ်လောက်မှာ ရွေးပါတယ် ။ ရွေးပြီးတာနဲ့ ဘာတွေကို ကျက်ထား၊ ဘယ်ဟာက မေးနိုင်တယ် ၊ ဒါကိုလဲ မလွှတ်နဲ့ ကျက်ထား ၊ ဖတ်ထားနဲ့ သင်ပြီးသမျှ အကုန်နီးပါးပါပဲ။ အဲဒီအတွက် ရွေးချယ်ခံရဖို့ကို ရှေ့ကစာမေးပွဲတွေ အမှတ်ကောင်း ရပါမယ်။ ဒီအတွက် ကျွန်တော်ခု ဖြေဆိုမဲ့စာမေးပွဲမှာ အမှတ်ကောင်းမှ ဖြစ်မယ် ဆိုတဲ့အတွေးနဲ့ ကျွန်တော်စာကို ကြိုးစားပြီး ကြည့်နေပါတယ် (ကျက်နေပါတယ်)။ ဒီလိုအချိန်မျိုးမှာမှ ကျွန်တော်နေမကောင်း ဖြစ်ပါတော့တယ်။ ကျောင်းသုံးရက် ဖျက်လိုက်ရပါတယ်။ ကျောင်းသုံးရက်ဖျက်လိုက်ရတဲ့အတွက် စာလဲနောက်ကျပြီ။ ပြန်ကူးရမယ်၊ ပြန်ရှင်းခိုင်းရမယ်နှင့် စိတ်တွေ မပျော်ရွှင်နိုင်ဘဲ ဖြစ်နေပါတော့တယ်။ ကျွန်တော့်သူငယ်ချင်း ကိုနေလင်းက စာအုပ်တွေ ပေးငှားပါတယ် အထူးသဖြင့် သချာင်္တွေကို ရှင်းပြပါတယ်။ ဒီရက်အတွင်းသင်တာတွေက စာမေးပွဲမေးဖို့ သေချာသလောက်တွေဆိုတော့ ပိုဂရုစိုက်ရပါတယ်။ သူလဲ စိတ်ရှည်ရှည်နဲ့ ရှင်းပြနေပါတော့တယ်။ ကျွန်တော်လည်း အလေးနက်ထား နားထောင်တဲ့အတွက် တော်တော်လေး အဆင်ပြေသွားပါတယ်။
အော်… ပြောရအုံးမယ်၊ အတန်းထဲမှာ ကိုနေလင်းနဲ့ ကျွန်တော်က သချာင်္မှာ အမှတ်အများဆုံး၊ အတော်ဆုံး တွေပေါ့။ ခုလဲ သူနဲ့ ကျွန်တော်ထဲက တစ်ယောက်ယောက် သွားဖြေရမယ်ဆိုတာ ကြိုသိထား ကြပါတယ်။ ကိုနေလင်းက သူ့သချာင်္စာအုပ်ကို ကျွန်တော့်ကို ပေးလိုက်ပါတယ်။ စာမေးပွဲဖြေခါနီးရက်မှ ပြန်ယူမယ်၊ ကူးထားပါတဲ့။ ကျွန်တော်လဲ စာအုပ်လေးယူလာပြီး အိမ်ပြန်လာပါတော့တယ်။ ထိုည စာတွေကူးလိုက်၊ ကျက်လိုက်နဲ့ အလုပ်ရှုပ် နေပါတယ်။ ဖြေဖို့လဲ ၇ ရက်သာလိုပါတော့တယ်။ ဒီအချိန်မှာဘဲ ကျွန်တော် အတွေးဆိုးများ၊ မကောင်းသောအကြံဆိုးများ ပေါ်လာပါတယ်။ ကျွန်တော်တွေး လိုက်မိတာက… „ ငါတစ်ခြားဘာသာတွေကလဲ ကျက်ဖို့ရက်ကလဲ နဲတယ်၊ တခြားလူတွေ အရွေးခံရမှာဘဲ ။ ငါ သချာင်္မှ အရွေးမခံရရင် ကျန်တာတွေက သိပ်မသေချာတော့ဘူး။ သချာင်္တော့ ငါ အများဆုံးဖြစ်မှ ရမယ်။ ငါနဲ့အတူဖြစ်နိုင်တာ ကလဲ ကိုနေလင်းတစ်ယောက်ပဲ ရှိတယ်။ ဒီတော့ ငါဘာလုပ်ရမလဲ။ သချာင်္မှ မပါရင် ငါဒီနှစ် ပညာရည်ချွန်မဖြေရတော့ဘူး ၊ နှစ်ဝက်မှာလဲ ဆု ရတော့မှာ မဟုတ်ဘူးနဲ့… အိပ်လို့မပျော်နိုင်ဘဲဖြစ်နေတယ်။ ဟုတ်ပြီ ငါ ကိုနေလင်းစာအုပ်ကို ပြန်မပေးဘဲ ထားလိုက်မယ်၊ ပျောက်နေတယ် ၊ဘယ်နားထားမိလည်းမသိဘူး၊ တောင်းပန်ပါတယ် ဘာညာနဲ့ ငါ လုပ်လိုက်မယ်…” ဟူသော အတွေးဆိုးများဝင်လာပါတော့တယ်။ ဒီလိုနဲ့ ဖြေဖို့ ၂ ရက်အလိုမှာ စာအုပ်လာတောင်းပါတယ်။ ကျွန်တော် ကြိုတွေးထားတဲ့အတိုင်း စာအုပ်ပျောက်နေလို့ ငါလဲ ရှာတာ ဘယ်လိုမှမတွေ့ဘူး၊ စိတ်မကောင်းပါဘူး ၊ ဘာညာနဲ့ ပြောလိုက်ရပါတယ်။ ကိုနေလင်းလဲ ကျွန်တော့်ကို နေမကောင်းထားတဲ့ သူမို့လား မသိပါဘူး ၊ ဘာမှ မပြောဘဲ ပြန်ထွက်သွားပါတော့တယ်။ ကိုနေလင်း တစ်ယောက် ဖြေခါနီးအထိ ပုံသေနည်းတစ်ခု သိချင်လို့ ၊ ဟိုဟာလေးမေ့နေလို့ ငါ့ကို ခနပြပါအုံး ဆိုပြီး သူများဆီက စာအုပ်ငှားကြည့်နေရတယ်လို့ ကြားပါတယ်။ ဒီလိုနဲ့ ဖြေလို့အပြီး အမှတ်များ ကြေငြာစဉ်မှာဘဲ ကျွန်တော်ထင်ထားတဲ့အတိုင်း ကျွန်တော် အများဆုံးရပါတယ်။ အရွေးခံလိုက်ရပါတယ် ။ သို့သော် ကိုနေလင်းနှင့် ကျွန်တော်ဟာ အမှတ် ၂ မှတ်သာကွာပါတယ်။ အားလုံးကလဲ နေမကောင်းတာတောင် ဖြေနိုင်တယ် ဆိုပြီး ၀မ်းသာစကားပြောပေးကြပါတယ်။ ကျွန်တော်လဲ ထိုအချိန်မှာ ပျော်နေပါတယ်။ ကျောင်းကအပြန် လမ်းခရီးမှာ စက်ဘီးနင်းရင် ကိုနေလင်းက မင်းတော်တယ်ကွာတဲ့… ကျွန်တော့်မှာ ပြောစရာစကားမရှိဘဲ ကြောင်တောင်တောင် ဖြစ်နေပါတယ်။ ခနနေမှ သတိဝင်လာပြီး …မင်းလဲ တော်ပါတယ်ကွာ မင်းရှင်းပြကောင်းလို့ ငါခုလိုရတာပါကွာ လို့ ပြန်ပြောလိုက်ရပါတယ် ။ ထိုနေ့မှစလို့ ကိုနေလင်း ကိုတွေ့ရင် ရှက်တဲ့စိတ်တွေ ၀င်နေပါတော့တယ်။
နောက်ရက်မှာဘဲ အခန်းတွင်း ဆုပေးပွဲနှင့် လူရည်ချွန် ရွေးချယ်ပွဲ လုပ်ပါတယ်။ အသီးသီး ဘာသာရပ်လိုက် အများဆုံးရတဲ့လူများ ဆုများ ယူနေကြပါတယ်။ ကျွန်တော့်အလည့်ရောက်တော့ ဆုယူရမှာကို ရှက်လာ ပါတယ်။ ကိုနေလင်းက ကျွန်တော့်ဘေးမှာ ထိုင်တာဆိုတော့ သူကို ကျော်ဖြတ်ပြီးမှ ဒီဆုကို ယူရမှာလေ။ သူ့ကိုကြည့်မိတဲ့အခါတိုင်း ရှက်မိတယ်။ သူက ဖြူဖြူစင်စင်နဲ့ ကြည့်လည်း ကျွန်တော့်အတွက်တော့ ခနဲ့သောအကြည့်၊ သို့မဟုတ် ကျွန်တော့်ကို ရှက်စေတဲ့ အကြည့်လို့ ခံစားမိတယ်။ ကျွန်တော့်အလည့်ရောက်လာတော့ ဆုယူနေစဉ် ကိုနေလင်းကို လည့်ကြည့်မိတယ် ကိုနေလင်းပြန်ကြည့်တဲ့အကြည့်က ကျွန်တော့်ကို… မင်းမရှက်ဘူးလားလို့ ပြောလိုက်သလိုပါပဲ…။ သူများတွေက ပြုံးပြုံးလေးနဲ့ ဆုယူသွားကြပေမဲ့ ကျွန်တော့်မှာတော့ ရယ်မလိုလို ငိုမလိုလို(မဲ့တဲ့တဲ့) မဲ့ပြုံး နဲ့ ဆုယူလိုက်ရပါတော့တယ်။ ဒီစာကိုဖတ်တဲ့ သူငယ်ချင်းများကော ကျွန်တော့်လို မဲ့ပြုံးနဲ့ ဆုယူဖူးကြလား။ မယူဘူးရင်လည်း မယူမိပါစေနဲ့ ။ ကျွန်တော်လဲ အဲဒီနောက် ဘယ်တော့မှ မဲ့ပြုံးနဲ့ရမဲ့ဆုမျိုးကို မယူတော့ပါဘူး။ အသိလေးတစ်ခု ၀င်လာတာနဲ့ ရေးဖြစ်လိုက်တာပါ။ ဘာလုပ်လုပ် မိမိစိတ်ကို ဖြူဖြူလေးထားပြီး သူများကို ပျက်စီးစေလိုတဲ့ အတွေးတွေ ၊ လုပ်ရပ်တွေ မရှိဘဲ ရပ်တည်ရတာ ဘယ်လောက် လှပတဲ့ ဘ၀လဲ ၊ ဘယ်လောက် ဖြူစင်လဲ…။
စိတ်ထားကောင်းလေးများ ထားနိုင်ကြပါစေ။ မိမိမှာ သိရှိထားသည်များကိုလည်း ပြန်လည် ဝေမျှခြင်း၊ သင်ပြခြင်းဖြင့်လည်း ကုသိုလ်ထူး ကုသိုလ်ကောင်းများ ရယူနိုင်ကြပါစေ။
*ဖတ်လိုက်လို့ တစ်ခုခုရသွားတယ်ဆိုရင်ဘဲ ၀မ်းသာမိပါတယ်။ သင်ခန်းစာ လေးပေါ့ဗျာ…။
ရှင်းသန့်(27.02.2011)
0 comments:
Post a Comment