Шаблоны для Blogger.com

စိတ်ကူးတို့၏ တစ်စုံတစ်ရာ

- Another Blogger Blog's

အရေးကြီးလျှင် သွေးစည်းပါ
ကျွန်တော် ညက အအေးမိပြီး နှာတွေ စေးတယ်ဗျာ (နှာသမား နှာဖြစ်တာ မဆန်းပါဘူးလို့ ပြောပါနဲ့ဗျာ… ဟဲဟဲ နဲနဲပါ) ။ ကျောင်းက စာသင်ခန်းမှာ ရုရှားသူငယ်ချင်းတွေက ပူတယ်ဆိုပြီး အခန်းက ပြတင်းပေါက်တွေကို ဖွင့်ကြပါတယ် ။ သူတို့က ဖွင့်လိုက် ၊ ကျွန်တော်က ပိတ်လိုက်နဲ့ပေါ့။ ကြာတော့ မပိတ်တော့ပါဘူး အများနဲ့ တစ်ယောက်ဆိုတော့… ။ သူတို့အတွက် မအေးတော့ပေမဲ့ ကျွန်တော်တို့အတွက်တော့ အေးပါသေးတယ် ။ မြန်မာပြည်က ဆောင်းရာသီလောက်တော့ အေးပါသေးတယ် (စတိုင်မန်းတွေ အတွက်တော့ မအေးတော့ဘူးပေါ့ဗျာ…)။ ဒါလေးကတော့ ဘာဖြစ်လို့ နှာစေးရပါသလဲဆိုတဲ့ ဖြစ်စဉ် လေးကို တင်ပြခြင်းပါ။
          ညက မအိပ်ခင် နှာတွေ တအားချေ(ချီ) လာတာနဲ့ ဆေးသောက်ပြီး အိပ်လိုက်ပါတယ်။ အိပ်စတော့ ပင်ပန်းထားတာကော ဆေးအရှိန်နဲ့ကောမို့လား မသိပါဘူး တအားအိပ်ပျော်သွားပါတယ်။ တစ်ရေးနိုးတော့ ဇာတ်လမ်းက စလာတော့တာပဲ ။ ကျွန်တော့်ရဲ့ဇာတ်လိုက်ကျော်ကြီး နှာခေါင်းက စ ပိတ်တော့တာပါပဲ။ ဒီအချိန်မှာ ကျွန်တော့် ခန္ဓာကိုယ်ကို မြန်မာနိုင်ငံနှင့် တင်စားပါရစေ (ကြီးကျယ်လွန်းသွားရာ ရောက်နိုင်ပါတယ်။ သို့သော် ကျွန်တော်ပြောချင်တဲ့ ခေါင်းစဉ်လေးနဲ့ လိုက်ဖတ်အောင် ယူသုံးလိုက်ခြင်းပါ။ နားလည်ပေးစေလို…) ။ နှာကပိတ်တော့ နှာခေါင်းထဲက အညစ်အကြေးတွေ ညစ်ထုတ်မှ အသက်ရှုလို့ အဆင်ပြေမယ်မလား ။ ဒီတော့ အလယ်ပိုင်းက သူငယ်ချင်းက လာကူရပါရော။ အလယ်ပိုင်းက သူငယ်ချင်းဆိုသည်မှာ ခန္ဓာကိုယ်အလယ်ပိုင်းက လက်ပါ။ လက်က အော် ငါ့သူငယ်ချင်း နှာခေါင်းကြီးတော့ နှာတွေပိတ်နေပီ သူအသက်ရှုရ ခက်တော့မယ် ငါကူမှဖြစ်မယ်ဆိုပြီး အလိုက်သိစွာနဲ့ (အော်တို) လာရောက် ကူညီ ၊ ညစ်ထုတ်ပေးပါတယ် ။ ဒါနဲ့ အညစ်ကြေးတွေ ထွက်သွားတော့ အသက်ရှုရတာ အဆင်ပြေသွားပြန်ရော။ ဆက်အိပ်ပျော်သွားပါတယ် ။ ခနလောက်ပဲ ကြာမည်ထင်တယ် နှာခေါင်းက ပိတ်လာပြန်ရော၊ အညစ်ကြေးတွေ လက်ကလာကူညစ်ပေး ပြန်ရော၊ ဒီလိုနဲ့ ကြာလာတော့ ဇာတ်လိုက်ကျော် နာခေါင်းကော ၊ သူငယ်ချင်းလက်ကော ပင်ပန်းစ ပြုလာပါပြီ ။ ဒီအချိန်မှာဘဲ လက်ကနေ သတင်းပို့လိုက်တယ် ပါးစပ်ရေ မင်းကူညီလိုက်ပါအုံးတဲ့ …. ဒီလိုနဲ့ ပါးစပ်ကနေ အသက်ရှုပေးလိုက်တော့ နှာခေါင်းကော လက်ကော အနားယူလိုက်ကြရပါတယ်။
           ဒီလိုနဲ့ ပါးစပ်က အသက်ရှုလာတာကြာတဲ့အခါမှာ အခက်ခဲက စတင်တော့တာပါပဲ ။ အာခေါင် (အာဂလောင်)တွေ ခြောက်ကပ်စ ပြုလာပါတော့တယ် ။ ထိုအခါ ဟိုး အောက်အရပ်က သူငယ်ချင်း ခြေထောက်က ထပြီး ရေဗူးရှိရာဆီသို့ ဦးတည်လျှောက်လှမ်းသွားပါတယ် ။ ရေတစ်ခွက်ကို လက်က ကူသယ်လာပြီး ပါးစပ်က သောက်လိုက်ပါတယ်။ ဒါနဲ့ လက်က နှာခေါင်းထဲက အညစ်အကြေးတွေ ထုတ်ကူပြန်ပါတယ်။ ဒီအချိန်မှာ နှာခေါင်းရဲ့နားအက အနီးကပ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ပါးစပ်လေးက အနားယူလိုက်ရပါတယ် ။ ထိုအချိန်မှာ ဇာတ်လိုက်ကျော် နှာခေါင်းရဲ့ အထက်အရပ်က သူငယ်ချင်းဖြစ်တဲ့ ဦးနှောက်က သူကိုယ်တိုင် လာထိကိုင်တွယ် မကူညီနိုင်ပေမဲ့ အဝေးကနေ အကြံညဏ် လှမ်းပေးပါတော့တယ် ။ ဟေ့ကောင်…နှာခေါင်း ၊ မင်း ဒီလိုနေမဲ့စား ဆေးတစ်လုံးလောက် သောက်လိုက်ပါလား။ ထွန်းရွှေဝါလို့ ဆေးပူလေးနဲနဲ သုံးလိုက်ပါလား လို့ အကြံပြုလာပါတော့တယ်။ အကြံပြုတဲ့အတိုင်း လုပ်ဆောင်လိုက်တဲ့အခါ အတော်လေး သက်သာသွားပါတော့တယ်။ နံနက် ၄ နာရီလောက်မှာ သက်သာသွားပြီး ပြန်လည် အိပ်စက် အနားယူနိုင်ပါတော့တယ်။ 

          ဒီမှာတင် သာဓကတွေ အများကြီးရသွားပါတော့တယ် ။ အော်… တစ်ယောက် အကူညီလိုတဲ့အခါ လူအား၊ ငွေအား၊ နုတ်အား ၊ အကြံညဏ်အားတို့သည် ပင်လျှင် အထူး လိုအပ်ကြောင်း ။ တစ်ဦးနှင့်တစ်ဦး ကျွန်းကိုင်းမှီ ကိုင်းကျွန်မှီ ဆိုသလို ၊ တစ်ယောက်နဲ့ တစ်ယောက်ဆိုတာ ယှက်နွယ် စပ်ဆက်နေပါလား ဆိုတာကို ညတွင်းခြင်းပဲ သာဓကတွေ ရလိုက်ပါတော့တယ် ။ ကျွန်တော်တင်စားထားတဲ့ ကျွန်တော့်ခန္ဓာကိုယ် ဖြစ်တဲ့ မြန်မာနိုင်ငံကြီးဟာလဲ အထက်၊ အလယ်၊ အောက် အားလုံး စည်းလုံး ညီညွတ်မှ အောင်မြင် ၊ ကျန်းမာ ၊ ချမ်းသာလာမည်လို့ တွေးတောမိပါကြောင်း…. ။ ဒါနဲ့ စာလေးရေးခြင်းလာလို့ …. ကျွန်တော့်ရဲ့ ခံစားမှုလေးကို စာလေးတစ်ပုဒ် အနေနဲ့ တင်ပြလိုက်ရပါတယ် ။ ဖတ်ပြီးလို့ တစ်ခုခုရသွားပါတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါပြီ ။
ဆက်လျှက်ကြိုးစားလျှက် ရှင်းသန့် (၂၀.၄.၂၀၁၂)

1 comments:

Maribel Artaste said...

Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

Post a Comment