Шаблоны для Blogger.com

စိတ်ကူးတို့၏ တစ်စုံတစ်ရာ

- Another Blogger Blog's


တစ်နှစ်တာက အချိုးချလိုက်လို့လား ဒီအချိန်မှာ ဖြေရမယ်လို့ သတ်မှတ်လိုက်လို့လား မသိပါ ၊ သို့သော် မကြာသော ရက်အနည်းငယ်တွင် နှစ်ဝက်စာမေးပွဲကြီးနီးလို့ပင် လာပါပြီ။ ကျွန်တော်တို့ဆီမှာ နှစ်ဝက်စာမေးပွဲဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်က န၀မတန်း ကျောင်းသားလေးပါ။ ဒီစာမေးပွဲမှာ အဆင့်ကောင်းတဲ့သူတွေ မြို့ကို ပညာရည်ချွန်အဖြစ် ရွေးချယ်ခံရပြီး သွားရောက် ယှဉ်ပြိုင် ဖြေဆိုရပါမယ်။ ကျွန်တော်တို့စာသင်ကျောင်းလေးက မြို့နဲ့၎မိုင်လောက် အဝေးမှာ တည်ရှိပါတယ်။ ရွာအလယ်တန်း ကျောင်းကို မြို့မှတွဲဘက် အထက်တန်း ကျောင်းအဖြစ် တွဲယူထားတဲ့ ကျောင်းလေး ဖြစ်ပါတယ်။ ရွာပေါင်းစုံက လာတတ်ကြတော့ လူများပါတယ်။ ရွာပေါင်းစုံက လာဆုံကြရပါတယ် ။ 




ရွာတွေတိုင်းမှ အတော်တွေ လာစုကြပါတယ်၊ ပုံမှန်တွေကော၊ ညံ့တာတွေကော ပါတာပေါ့။  ပညာရည်ချွန် အရွေးခံရသူများကတော့ အလွယ်ပြောမယ်ဆိုရင်တော့ အတန်းထဲမှာ ထူးချွန်သူများ (စာတော်သူများ)ပေါ့ ။ ဘာသာစုံဖြေဆိုဖို့ ရွေးချယ်ခံရသူများရှိသလို၊ တစ်ဘာသာခြင်း ဖြေဆိုဖို့ ရွေးချယ်ခံရသူများလည်း ရှိပါတယ်။ ဘယ်လိုဖြစ်ဖြစ် မြို့တတ်ပြီး သွားပြိုင် ရတယ်ဆိုတော့ ဂုဏ်ယူစရာ၊ ၀မ်းသာစရာ တစ်နည်းအားဖြင့် ကြွားစရာလဲ ဖြစ်တာပေါ့ဗျာ ။ ရွာရဲ့ အသိုင်းဝိုင်းမှာတော့ လူတော်လေးတွေပေါ့။ သွားမဖြေခင် ၂ ပတ်လောက်မှာ ရွေးပါတယ် ။ ရွေးပြီးတာနဲ့ ဘာတွေကို ကျက်ထား၊ ဘယ်ဟာက မေးနိုင်တယ် ၊ ဒါကိုလဲ မလွှတ်နဲ့ ကျက်ထား ၊ ဖတ်ထားနဲ့ သင်ပြီးသမျှ အကုန်နီးပါးပါပဲ။ အဲဒီအတွက် ရွေးချယ်ခံရဖို့ကို ရှေ့ကစာမေးပွဲတွေ အမှတ်ကောင်း ရပါမယ်။ ဒီအတွက် ကျွန်တော်ခု ဖြေဆိုမဲ့စာမေးပွဲမှာ အမှတ်ကောင်းမှ ဖြစ်မယ် ဆိုတဲ့အတွေးနဲ့ ကျွန်တော်စာကို ကြိုးစားပြီး ကြည့်နေပါတယ် (ကျက်နေပါတယ်)။ ဒီလိုအချိန်မျိုးမှာမှ ကျွန်တော်နေမကောင်း ဖြစ်ပါတော့တယ်။ ကျောင်းသုံးရက် ဖျက်လိုက်ရပါတယ်။ ကျောင်းသုံးရက်ဖျက်လိုက်ရတဲ့အတွက် စာလဲနောက်ကျပြီ။ ပြန်ကူးရမယ်၊ ပြန်ရှင်းခိုင်းရမယ်နှင့် စိတ်တွေ မပျော်ရွှင်နိုင်ဘဲ ဖြစ်နေပါတော့တယ်။ ကျွန်တော့်သူငယ်ချင်း ကိုနေလင်းက စာအုပ်တွေ ပေးငှားပါတယ် အထူးသဖြင့် သချာင်္တွေကို ရှင်းပြပါတယ်။ ဒီရက်အတွင်းသင်တာတွေက စာမေးပွဲမေးဖို့ သေချာသလောက်တွေဆိုတော့ ပိုဂရုစိုက်ရပါတယ်။ သူလဲ စိတ်ရှည်ရှည်နဲ့ ရှင်းပြနေပါတော့တယ်။ ကျွန်တော်လည်း အလေးနက်ထား နားထောင်တဲ့အတွက် တော်တော်လေး အဆင်ပြေသွားပါတယ်။



အော်… ပြောရအုံးမယ်၊ အတန်းထဲမှာ ကိုနေလင်းနဲ့ ကျွန်တော်က သချာင်္မှာ အမှတ်အများဆုံး၊ အတော်ဆုံး တွေပေါ့။ ခုလဲ သူနဲ့ ကျွန်တော်ထဲက တစ်ယောက်ယောက် သွားဖြေရမယ်ဆိုတာ ကြိုသိထား ကြပါတယ်။ ကိုနေလင်းက သူ့သချာင်္စာအုပ်ကို ကျွန်တော့်ကို ပေးလိုက်ပါတယ်။  စာမေးပွဲဖြေခါနီးရက်မှ ပြန်ယူမယ်၊ ကူးထားပါတဲ့။ ကျွန်တော်လဲ စာအုပ်လေးယူလာပြီး အိမ်ပြန်လာပါတော့တယ်။ ထိုည စာတွေကူးလိုက်၊ ကျက်လိုက်နဲ့ အလုပ်ရှုပ် နေပါတယ်။ ဖြေဖို့လဲ ၇ ရက်သာလိုပါတော့တယ်။ ဒီအချိန်မှာဘဲ ကျွန်တော် အတွေးဆိုးများ၊ မကောင်းသောအကြံဆိုးများ ပေါ်လာပါတယ်။ ကျွန်တော်တွေး လိုက်မိတာက… ငါတစ်ခြားဘာသာတွေကလဲ ကျက်ဖို့ရက်ကလဲ နဲတယ်၊ တခြားလူတွေ အရွေးခံရမှာဘဲ ။ ငါ သချာင်္မှ အရွေးမခံရရင် ကျန်တာတွေက သိပ်မသေချာတော့ဘူး။ သချာင်္တော့ ငါ အများဆုံးဖြစ်မှ ရမယ်။ ငါနဲ့အတူဖြစ်နိုင်တာ ကလဲ ကိုနေလင်းတစ်ယောက်ပဲ ရှိတယ်။ ဒီတော့ ငါဘာလုပ်ရမလဲ။ သချာင်္မှ မပါရင် ငါဒီနှစ် ပညာရည်ချွန်မဖြေရတော့ဘူး ၊ နှစ်ဝက်မှာလဲ ဆု ရတော့မှာ မဟုတ်ဘူးနဲ့… အိပ်လို့မပျော်နိုင်ဘဲဖြစ်နေတယ်။ ဟုတ်ပြီ ငါ ကိုနေလင်းစာအုပ်ကို ပြန်မပေးဘဲ ထားလိုက်မယ်၊ ပျောက်နေတယ် ၊ဘယ်နားထားမိလည်းမသိဘူး၊ တောင်းပန်ပါတယ် ဘာညာနဲ့ ငါ လုပ်လိုက်မယ်… ဟူသော အတွေးဆိုးများဝင်လာပါတော့တယ်။ ဒီလိုနဲ့ ဖြေဖို့ ၂ ရက်အလိုမှာ စာအုပ်လာတောင်းပါတယ်။ ကျွန်တော် ကြိုတွေးထားတဲ့အတိုင်း စာအုပ်ပျောက်နေလို့ ငါလဲ ရှာတာ ဘယ်လိုမှမတွေ့ဘူး၊ စိတ်မကောင်းပါဘူး ၊ ဘာညာနဲ့ ပြောလိုက်ရပါတယ်။ ကိုနေလင်းလဲ ကျွန်တော့်ကို နေမကောင်းထားတဲ့ သူမို့လား မသိပါဘူး ၊ ဘာမှ မပြောဘဲ ပြန်ထွက်သွားပါတော့တယ်။ ကိုနေလင်း တစ်ယောက် ဖြေခါနီးအထိ ပုံသေနည်းတစ်ခု သိချင်လို့ ၊ ဟိုဟာလေးမေ့နေလို့ ငါ့ကို ခနပြပါအုံး ဆိုပြီး သူများဆီက စာအုပ်ငှားကြည့်နေရတယ်လို့ ကြားပါတယ်။  ဒီလိုနဲ့ ဖြေလို့အပြီး အမှတ်များ ကြေငြာစဉ်မှာဘဲ ကျွန်တော်ထင်ထားတဲ့အတိုင်း ကျွန်တော် အများဆုံးရပါတယ်။ အရွေးခံလိုက်ရပါတယ် ။ သို့သော် ကိုနေလင်းနှင့် ကျွန်တော်ဟာ အမှတ် ၂ မှတ်သာကွာပါတယ်။ အားလုံးကလဲ နေမကောင်းတာတောင် ဖြေနိုင်တယ် ဆိုပြီး ၀မ်းသာစကားပြောပေးကြပါတယ်။ ကျွန်တော်လဲ ထိုအချိန်မှာ ပျော်နေပါတယ်။ ကျောင်းကအပြန် လမ်းခရီးမှာ စက်ဘီးနင်းရင် ကိုနေလင်းက မင်းတော်တယ်ကွာတဲ့… ကျွန်တော့်မှာ ပြောစရာစကားမရှိဘဲ ကြောင်တောင်တောင် ဖြစ်နေပါတယ်။ ခနနေမှ သတိဝင်လာပြီး …မင်းလဲ တော်ပါတယ်ကွာ မင်းရှင်းပြကောင်းလို့ ငါခုလိုရတာပါကွာ လို့ ပြန်ပြောလိုက်ရပါတယ် ။ ထိုနေ့မှစလို့ ကိုနေလင်း ကိုတွေ့ရင် ရှက်တဲ့စိတ်တွေ ၀င်နေပါတော့တယ်။
နောက်ရက်မှာဘဲ အခန်းတွင်း ဆုပေးပွဲနှင့် လူရည်ချွန် ရွေးချယ်ပွဲ လုပ်ပါတယ်။ အသီးသီး ဘာသာရပ်လိုက် အများဆုံးရတဲ့လူများ ဆုများ ယူနေကြပါတယ်။ ကျွန်တော့်အလည့်ရောက်တော့ ဆုယူရမှာကို ရှက်လာ ပါတယ်။ ကိုနေလင်းက ကျွန်တော့်ဘေးမှာ ထိုင်တာဆိုတော့ သူကို ကျော်ဖြတ်ပြီးမှ ဒီဆုကို ယူရမှာလေ။ သူ့ကိုကြည့်မိတဲ့အခါတိုင်း ရှက်မိတယ်။ သူက ဖြူဖြူစင်စင်နဲ့ ကြည့်လည်း ကျွန်တော့်အတွက်တော့ ခနဲ့သောအကြည့်၊ သို့မဟုတ် ကျွန်တော့်ကို ရှက်စေတဲ့ အကြည့်လို့ ခံစားမိတယ်။ ကျွန်တော့်အလည့်ရောက်လာတော့ ဆုယူနေစဉ် ကိုနေလင်းကို လည့်ကြည့်မိတယ် ကိုနေလင်းပြန်ကြည့်တဲ့အကြည့်က ကျွန်တော့်ကို… မင်းမရှက်ဘူးလားလို့ ပြောလိုက်သလိုပါပဲ…။ သူများတွေက ပြုံးပြုံးလေးနဲ့ ဆုယူသွားကြပေမဲ့ ကျွန်တော့်မှာတော့ ရယ်မလိုလို ငိုမလိုလို(မဲ့တဲ့တဲ့) မဲ့ပြုံး နဲ့ ဆုယူလိုက်ရပါတော့တယ်။ ဒီစာကိုဖတ်တဲ့ သူငယ်ချင်းများကော ကျွန်တော့်လို မဲ့ပြုံးနဲ့ ဆုယူဖူးကြလား။ မယူဘူးရင်လည်း မယူမိပါစေနဲ့ ။ ကျွန်တော်လဲ အဲဒီနောက် ဘယ်တော့မှ မဲ့ပြုံးနဲ့ရမဲ့ဆုမျိုးကို မယူတော့ပါဘူး။ အသိလေးတစ်ခု ၀င်လာတာနဲ့ ရေးဖြစ်လိုက်တာပါ။ ဘာလုပ်လုပ် မိမိစိတ်ကို ဖြူဖြူလေးထားပြီး သူများကို ပျက်စီးစေလိုတဲ့ အတွေးတွေ ၊ လုပ်ရပ်တွေ မရှိဘဲ ရပ်တည်ရတာ ဘယ်လောက် လှပတဲ့ ဘ၀လဲ ၊ ဘယ်လောက် ဖြူစင်လဲ…။

စိတ်ထားကောင်းလေးများ ထားနိုင်ကြပါစေ။ မိမိမှာ သိရှိထားသည်များကိုလည်း ပြန်လည် ဝေမျှခြင်း၊ သင်ပြခြင်းဖြင့်လည်း ကုသိုလ်ထူး ကုသိုလ်ကောင်းများ ရယူနိုင်ကြပါစေ။




*ဖတ်လိုက်လို့ တစ်ခုခုရသွားတယ်ဆိုရင်ဘဲ ၀မ်းသာမိပါတယ်။ သင်ခန်းစာ လေးပေါ့ဗျာ…။

ရှင်းသန့်(27.02.2011)

အထက်ပါ မင်္ဂလာပွဲပြင်ဆင်ခြင်းအလုပ်ကို ဘုန်းကြီးမကြွမီ ပြင်ဆင်ထားရပါသည်။ ဘုန်းကြီး ကြွလာပြီးပရိတ်နာသည့် အခါမင်္ဂလာစားပွဲမှာ ဘုန်းကြီးများ ရှေ့တွင်တည်ရှိ နေရပါမည်။ ယင်းမင်္ဂလာစားပွဲ ရှေ့တွင်သမီးရှင်က အမျိုးသမီးနှစ်ဦး လက်ဝဲလက်ယာရံ၍ ထိုင်ရပါမည်။ ထိုအရံအမျိုးသမီးနှစ်ဦးမှာ သမီးရှင်မွေးရက်နှင့် နေ့နံသင့်တော်သူများသာ ဖြစ်ရပါမည်။ရှေးဦးစွာ သီလခံယူပြီးလျှင် ပရိတ် ကြိုးဖြင့်စည်းဝိုင်းချရပါသည်။


သမီးစောင့်ခြင်း

သမက်တက်သည့်နေ့နံနက်ကိုးနာရီခန့်တွင် သမီးရှင်နှင့် ရင်းနှီးသော မိတ်ဆွေမိန်းကလေးများ ဆွေမျိုးများကို ထမင်းကျွေးမွေးကြသည်။ သမီးရှင်မှာအလှပဆုံး ၀တ်စားခြယ်လှယ်ကာ နေ့သင့်နံသင့်အပျိုရံ နှစ်ယောက်လက် ၀ဲလက်ယာရံလျက် မင်္ဂလာဆောင်မည့် နေရာတွင် ထိုင်၍ဧည့်ခံရသည်။


သမက်တက်ခြင်း

သမက်ရှင်ဘက်မှ သမီးရှင်ဘက်သို့သွားကြသောအခါ သမက်ရှင်အဖေ၊ အဘိုးဆွေမျိုးများ အမျိုးသားကြီးများကရှေ့မှ ဦးဆောင်လာကြပြီး အမေ၊အဘွားအမျိုးသမီးကြီးများကနောက်
လိုက်ကြရသည်။ ထို့နောက် အုပ်ထမ်းသူအညွန့်အမျိုးသမီးများက တစ်ယောက်ချင်း တန်းစီ၍ လျှောက်လာကြရသည်။ အုပ်ထမ်းသူများမှာ မိန်းမချောမိန်းမလှလေးများ ဖြစ်ကြသည်။ ရှေ့ဆုံးမှအညွန့်ပန်းအုပ်ကို သမက်ရှင်၏အစ်မ၊ သို့မဟုတ် ဆွေမျိုးရင်းချာထဲကထမ်းရသည်။ နောက်အုပ်များတွင် မုန့်အမျိုးမျိုး၊ ငှက်ပျောသီးများထည့်ကာ ထမ်းလာကြသည်။ အုပ်ထမ်း သူများ အတွက်လက်ဆောင်အဖြစ် ပ၀ါပိုင်းများကို အုပ်များတွင် ချည်နှောင်ထားရှိကြသည်။ အုပ်များကို သမက်ရှင် တက်နိုင်သည့်အလျောက် ၇အုပ်၊ ၉အုပ်၊ ထားရှိကြသည်။ အုပ်ထမ်းသူ များ၏နောက်နားတွင် သမက်ရှင်အဖွဲ့ ပါလာကြသည်။ သမက်ရှင်၏ဦးသျှောင်နှင့် ရေစင်အိုးကို ရှေ့ကသယ်ယူလာကြပြီး သမက်ရှင်မှာ ခေါင်းပေါင်း၊ တောင်ရှည်ပုဆိုး၊ လည်တောင်အင်္ကျီ၊ ရင်ဖုံး တိုက်ပုံကိုဝတ်ဆင်ကာ ဓားရှည်လွယ်သူ၊ ယပ်ရှည်ကိုင်ဆောင်သူများခြံရံလျက် လိုက်ပါ လာပါသည်။ ၄င်းတို့၏နောက်တွင် သမက်ရှင်၏ အပေါင်းအဖော်များမှာ သေတ္တာနှင့် အိပ်ယာလိပ်တို့ကို သယ်ဆောင်လာပြီး ဗုံ၊လင်ကွင်း၊ပုလွေ တီးမှုတ်သူများနှင့် တပျော်တပါး လိုက်ပါလာကြပါသည်။
သမီးရှင်အိမ်ရောက်သည့် အခါသမီးရှင်မိဘဆွေမျိုးများက ဆီးကြို၍ ဧည့်ခံရင်း နေရာထိုင်ခင်း များပေးကြသည်။ ရှေးဦးစွာ အညွန့်အုပ်ထမ်းသူက အညွန့်အုပ်နှင့် အတူပန်းဆင်ပေးရန် သမီးရှင်နားနေရာယူရသည်။ ကျန်အုပ်များကို သမီးရှင်အိမ်မှလက်ခံယူ၍ နေရာချထားကြသည်။ သမက်ရှင်ဘက်မှ သယ်ဆောင်လာသော မင်္ဂလာရေစင်အိုးကိုလည်း မင်္ဂလာစားပွဲပေါ်တွင် သမီးရှင်၏ရေစင်အိုးနှင့် အတူထားရှိရသည်။ အညွန့်အုပ်ထမ်း လာသူက သမက်ရှင်၏ အစ်မဆွေမျိုးများက သမီးရှင်ကိုပန်းဆင်ပေးရသည်။ အညွန့်အုပ်တွင်ရာသီအလိုက် ပန်းများပါလာကြသည်။
ဥပမာ-နှင်းပန်း(နှင်းကဲ့သို့အေးစေရန်)၊ နှင်းဆီပန်း (နှင်း၏အဆီအနှစ်ကဲ့သို့အေးချမ်းစေရန်) သဇင်ပန်း(သန့်စင်ရန်)၊ အချစ်တစ်ရာပန်း (အချစ်တစ်ရာတိုင်ကြာစေရန်) *(အ၀ါရောင်ကုလား မင်္ဂလာပန်း) စံပန်းကုံးစံရရန် ပန်းများပန်းကုံးများကို တစ်စုံစီအညွန့်အုပ် တွင်ထည့်လာရသည်။ ပန်းဆင်ပေးသူက ပန်းများကို တစ်စုံစီ ငါးစုံဆင်မြန်းပေးရသည်။ ဆံထုံးထဲတွင်လဲ ပန်းကုံးများထည့်၍ ပန်းပေးရသည်။ ထို့နောက်သမီးရှင်ကို ဦးသျှောင်ဆောင်းပေးပြီး မျက်နှာကိုဖုံးအုပ်ထားရသည်။ သမီးရှင်ကိုပန်းဆင်ပြီးနောက် သမက်ရှင်ကို အိမ်ထဲသို့ဝင်စေသည်။ အ၀င်တွင်သမီးရှင်၏ ညီမအပျိုက ခြေဆေး၍ ငွေတောင်းခံသည်။ လူပျိုရံများက ဈေးဆစ်ကြခြင်းဖြင့်အချေအတင် ပြောဆိုကြသည်။ လူပျိုရံ၊အပျိုရံများတစေ့တစောင်းပြောဆိုကြသဖြင့် ပျော်စရာကောင်းသော အချိန် ဖြစ်ပေသည်။ အိမ်ပေါ်ရောက်သောအခါ သမက်ရှင်ကို ရေတစ်ခွက်တိုက်ရသည်။
ထို့နောက် သမက်ရှင်ကို သမီးရှင်၏ညာဘက်တွင် နေရာယူစေပြီးဦးသျှောင်ဆောင်းပေးရသည်။ ထိမ်းပေးသူများက မင်္ဂလာစားပွဲပေါ်ရှိ မင်္ဂလာထမင်းပွဲကိုလည်းကောင်း၊ ရေစင်အိုးများ ကိုလည်းကောင်း  ၇ပတ်၊ ၉ပတ် ပတ်ထားသော ပရိတ်ချည်မျှင်ကွင်းများဖြင့် တစ်မျိုးတစ်စုံစီကျစီ ရစ်ပတ်ပေးရသည်။ ထို့နောက်မောင်နှံအစုံအပါအ၀င်၊ မင်္ဂလာစားပွဲ၊ အိပ်ရာလိပ်၊ သေတ္တာများ အားလုံးကိုပရိတ်ချည်မျှင်ဖြင့် ရစ်ပတ်ပေးရသည်။ ထို့နောက်သမတ်ရှင်၏ ညာလက်နှင့်သမီးရှင်
၏ညာလက်ကိုပေါင်း၍ ချည်မျှင်များဖြင့်ရစ်ပတ်ပေးရသည်။ လက်ထပ်ပေးသည့် အမျိုးသမီးကြီးများက မောင်နှံစုံကိုအောင်သပြေခက်ဖြင့် ရေစင်အိုးနှစ်စုံမှ ပေါင်းစပ်ထားသော ရေစင်များ ပက်ဖျန်းကာ ဆုတောင်းမေတ္တာပို့ပေးကြသည်။ဆက်လက်၍သမတ်ရှင်နှင့်သမီးရှင်လက်များကိုပေါင်းပြီးရေစင်များသွန်း

လောင်းကြပါသည်။ သမီးရှင်လက်ကို အောက်တွင်ထားပြီး သမက်ရှင်လက်ကိုအပေါ်မှထား ကြသည်။ အချို့မှာသမက်ရှင်လက်ကို အောက်ကလှန်ထားပြီး သမီးရှင်လက်ကို အပေါ်က မှောက်ထားသည်။ အဓိပ္ပါယ်မှာ သမက်ရှင်က သမီးရှင်ကိုညာလက်ဖြင့် တောင်းခြင်းကို သမီးရှင်ကညာလက်ဖြင့် လက်ခံခြင်း၊ သမက်ရှင်က သမီးရှင်ကိုတစ်သက်လုံး စောင့်ရှောက်ထောက်ပံ့ တာဝန်ယူသွားမည် ဟူသောသဘောကိုဆောင်ပါသည်။

မိဘများကိုကန်တော့ခြင်း

သမီးရှင်ရှေ့တွင် သမက်ရှင်ဖခင်၊ သမက်ရှင်ရှေ့တွင်သမီးရှင်ဖခင်တို့က နေရာယူရပါသည်။
သမီးရှင်သမက်ရှင်တို့က ဖခင်နှစ်ဦးရုံလာသောတဘက်ဖြူထဲသို့ ထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်း ထည့်ပေးခြင်း၊ မိခင်များအားလည်း ထမင်းထမင်းခုနှစ်ဆုပ် တစ်ပြိုင်တည်းထည့်ပေးခြင်းသည် မိဘနှစ်ပါးကိုကန်တော့ခြင်းသဘောဖြစ်သည်။

လက်ဆုံစားခြင်း

မိဘများကိုကန်တော့ပြီးနောက် မောင်နှံစုံက မင်္ဂလာထမင်းကို ခုနှစ်ဆုပ်စီလက်ဆုံစားကြသည်။ စားသောက်ပြီးငွေဖလားတွင်အတူလက်ဆေးကြရသည်။

လက်ဖွဲ့ခြင်း

ထမင်းလက်ဆုံစားပြီးနောက် မိဘဆွေမျိုး မိတ်ဆွေများက သမီးရှင်သမက်ရှင်ရှေ့ရှိ ငွေဖလား နှစ်ခုထဲသို့လက်ဖွဲ့ငွေများထည့်ကြပါသည်။လက်ဖွဲ့ခံပြီး သောဖလားကို သမက်ရှင်က သမီးရှင်ကို အပ်ရသည်။သမီးရှင်ကကန့်တော့၍လက်ခံယူရပါသည်။

သျှောင်ချသျှောင်တင်

သမက်ရှင်က မိမိဦးသျှောင်ကိုချွတ်၍ စားပွဲပေါ်တင်ထားပြီးလျှင် သမီးသျှင်၏ ဦးသျှောင်ကို ချွတ်ယူကာ မိမိ၏ဦးသျှောင်ကိုဆောင်းပေးရသည်။ သျှောင်တင်သျှောင်ချ ပြုလုပ်စဉ် သမီးရှင်က သမက်ရှင်ကိုရှိခိုးနေရပါသည်။ သျှောင်တင်သျှောင်ချအဖြစ် သမက်ရှင်ကသမီးရှင်ကို ငွေလက်ဖွဲ့ သဖြင့်သမီးရှင်ကန်တော့ပြီးလက်ခံရယူရသည်။ မင်္ဂလာအခမ်းအနားပွဲအပြီးတွင် ထွက်ခွာခွင့်ရရန် သမက်ရှင်က သမီးရှင်ဘက်မှ အပျိုရံလူပျိုရံတို့က ရွှေကြိုးတား၍ ကြိုးတားခပေးရသည်။ နောက်ဆုံး ခန်းဝင်ခပေးဆောင်ရသည်။



အိမ်ပြန်လည်ခြင်း

သမက်တက်ပြီး ၇ရက်နေ့တွင် သမီးရှင်သမက်ရှင်တို့သည် သမက်ရှင်၏မိဘအိမ်သို့နံနက်မှစ၍ လည်ကြရသည်။ သမက်ရှင်၏မိဘ၊ ဘိုးဘွားများကို သမီးရှင်သမက်ရှင်တို့က ကန်တော့ရသည်။ ညနေစာစားပြီးမှပြန်ကြသည်။ သည်လိုနှင့်ပင် ကြင်စဦးဇနီးမောင်နှံတို့သည်အိုးအိမ်တည်ဆောက်ကာ တလင်တမယားစနစ်ဖြင့်နေထိုင်ကြတော့သည်။
ရခိုင်လူမျိုးတို့သည် မင်္ဂလာပွဲကို ၀ါတွင်းနှင့်ပြာသိုလများတွင် ရှောင်လေ့ရှိပြီး တပေါင်း၊ တန်ခူးလ များတွင်အများဆုံးကျင်းပပြုလုပ်ကြသည်။ ပြာသိုလတွင်မင်္ဂလာဆောင်က အိမ်ထောင်စီးပွားရေးမဖြစ် မွဲပြာကျတတ်သည်ဟုယူဆကြသည်။ ရခိုင်ဓလေ့ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနှင့် ပတ်သက်၍ လိုက်နာရမည့် စည်းကမ်းချက်များစွာရှိလေသည်။ ထိုချမှတ်ထားသော စည်းကမ်းချက်များကိုအတိ အကျပြုလုပ်ကြသဖြင့် လက်ထပ်ပွဲသည် ပကာသနမဖက် အရိုးခံသက်သက်ဖြင့် ရှေးရိုးရာမပျက် ချစ်စရာ၊မြတ်နိုးစရာ အသွင်များဆောင်နေပါသည်။ ရခိုင်လူမျိုးတို့၏ ချစ်စရာကောင်းသော ဓလေ့၊ တစ်မူထူးခြားသော မင်္ဂလာအယူအဆများဖြင့် ပြည့်လျှံနေကြောင်းတွေ့ရပါသည်။





ရခိုင်မှာ ဘုရားပေါင်း သိန်း ၊ သန်းရှိဆိုတဲ့ တေးသွားလိုပါပဲ ရခိုင်မှာ ရှေးဟောင်းဘုရားပေါင်းများစွာကို လာရောက်ဖူးမျှော်ဖို့ ဖိတ်ခေါ်ပါတယ် ။ ရခိုင်သဇင်လေးတွေကိုလဲ အနီးကပ် မြင်ရတာပေါ့ ။ ရခိုင်ကို လာလည်ဖို့ ဖိတ်ခေါ်ရင်း ...ရပ်နားလိုက်ပါတယ် ။

 ကျွန်တော်ဖတ်တာကတော့ အင်တာနက်ထဲကပါ ။ အဲဒီစာတွေအောက်မှာပါတဲ့ ကျမ်းကိုးများကို ဖော်ပြလိုက်ပါတယ် ။
ကျမ်းကိုးကားစာအုပ်များ -သားချင်းတို့အကြောင်းတစေ့တစောင်း (မောင်အောင်မွန်)
-ပြည်ထောင်စုသားတို့၏ရိုးရာလက်ထပ်မင်္ဂလာပွဲဓလေ့များ(တက္ကသိုလ်သျှင်သီရိ)
- မြတ်ပန်းသဇင်ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)၂၀၀၇ ထုတ်  


 
ရှင်းသန့်(24.02.2010)
 



လူမျိုးတစ်ခုနှင့် တစ်ခု စကားအပြောအဆို၊ အနေအထိုင်၊ အစားအသောက် မတူတာလေးကို တွေးမိတော့ ရခိုင် မင်္ဂလာဆောင်တာကို သတိရမိတယ်။ မြန်မာတို့နှင့်မတူ…ထူးခြားတာလေးတွေ မြင်ဘူးစေချင်တာရယ်၊ သိစေချင်တဲ့ စိတ်ကလေးဖြစ်လာလို့ ရခိုင်အကြောင်း သိထားတာလေး ဖတ်ဘူးတဲ့ ရခိုင်ရိုးရာ လက်ထပ်မင်္ဂလာပွဲလေးကို ဗဟုသုတလေးဖြစ်ဖြစ် ရစေချင်ပါသဖြင့် ပြန်လည် မျှဝေလိုက်ပါတယ်… ဖတ်ကြည့်ပါအုံး…သိသလောက်လေးပါ။



ရခိုင်အပျို၊ လူပျိုတို့က အရွယ်ရောက်ကြလျှင် လူငယ်ချင်းချစ်ကြိုက်၍ လက်ထက်မင်္ဂလာပွဲ ပြုလုပ်တာရှိသလို…အများအားဖြင့် မိဘတို့က အိမ်ထောင်ဘက်ကို ရွေးပေးကြတာများပါတယ်။ ရခိုင်လူမျိုးသည် မိဘစကားကို နာခံတက်သူများ ဖြစ်သဖြင့်မိဘတို့၏အစီအမံကိုလက်ခံကြသည်။
သားသမီးများ အချိန်တန်အရွယ်ရောက်လာလျှင် အိမ်ထောင်ဖက်ကို အများအားဖြင့် မိဘများက ရွေးချယ်ပေးသောအလေ့သည် ရခိုင်လူမျိုးတို့တွင် ယခုခေတ်ချိန်ထိတိုင် ရှိလေသည်။ရှေးရိုးအစဉ်အဆက် ကျင့်သုံးလာခဲ့သော ရခိုင်လူမျိုးတို့၏ လက်ထပ်မင်္ဂလာပွဲဓလေ့သည် ဗမာတို့နှင့်မတူ ထူးခြားသောဓလေ့ ထုံးစံများဖြစ်တယ်ဆိုတာ…လေးကိုတင်ပြချင်လို့ပါ။

ရခိုင်ရိုးရာသမက်တက်

ရခိုင်ရိုးရာမင်္ဂလာဆောင်မှာမြန်မာ့ရိုးရာမင်္ဂလာဆောင်နှင့်မတူတစ်မူထူးခြားပါသည်။သတို့သမီးနှင့်သတို့
သား လက်ထက်ထိမ်းမြားသောမင်္ဂလာဆောင်ပွဲကို ရခိုင်တွင် သမက်တက် ပွဲဟုခေါ်ပါသည်။ ယောက္ခမအိမ်သို့သမက်ကိုတင်ပို့ရသောကြောင့်လည်းကောင်း၊ လက်ထပ်ရန်သွားရသောကြောင့် လည်းကောင်း သမက်တက်ပွဲ ဟုခေါ်ရခြင်းဖြစ်၏။ သံတွဲ၊ ကျောက်ဖြူ ၊မာန်အောင် နှင့်အခြားသော ဒေသတို့တွင်အနည်းငယ်ကွဲလွဲချက်များရှိကြပါသည်။

သမီးတောင်းခြင်း

ပထမယောက်ျားလေးဘက်မှ မိန်းမပျိုကိုကြိုက်လျှင် အရပ်မှအမျိုးသမီးကြီးမှတစ်ဆင့် ပြောကြားပြီး ရက်တည့်မတည့် ဇာတာများယှဉ်ပြီး စစ်ဆေးကြရသည်။ ထို့နောက် ကောင်းသောရက်ကို ရွေးချယ်ပြီး စေ့စပ်ကြောင်းလမ်းခြင်းပြုလုပ်ကြသည်။

စေ့စပ်ကြောင်းလမ်းခြင်းမင်္ဂလာ(အသွင်းနှင်းခြင်း၊ပန်းဆင်ခြင်း)


စေ့စပ်ကြောင်းလမ်း မင်္ဂလာပွဲကိုသတိုးသမီး(သမီးရှင်) အိမ်တွင်ပြုလုပ်သည်။ ရှေးဦးစွာသမီးရှင်ထိုင်
ရန်နေရာ၏ လက်ဝဲလက်ယာဘက်တွင် အမျိုးသမီးအိမ်ထောင်သည် နှစ်ဦးထိုင်နေရပါသည်။ ဆွေမျိုးများနှင့်ဖိတ်ကြားထားသောဧည့်သည်များက ယင်းတို့၏ရှေ့တွင်နေရာယူထိုင်ကြရပါသည်။ ထိုအချိန်တွင် သမီးရှင်ထွက်မလာရသေးပါ။ သတ်မှတ်ထားသောမင်္ဂလာအချိန် ကျရောက်သောအခါ သတိုးသား(သမက်ရှင်) ဘက်မှဆွေမျိုးပရိတ်သတ်များလာရောက်ကြသည်။ လာရောက်ကြသောအခါ သမီးရှင်ကိုဆင်မြန်းပေးရန်ပန်းများနှင့် စားစရာမုန့်အချိုများ၊ ကောက်ညှင်းပေါင်းများကို ငွေဖလားထဲတွင် ထုံးတမ်းစဉ်လာနှင့်အညီ ထည့်၍ယူလာကြရသည်။ မုန့်အချိုမှာနို့မလိုင်မုန့်၊ဆံခွေမုန့်တို့ဖြစ်သည်။ ငွေဖလားအရေအတွက်မှာလည်း မဂဏန်း အရေတွက်တိုင်း ကြိုက်သလို အသုံးပြုနိုင်သည်။ သမီးရှင်သည် အမျိုးသမီးအရံတစ်ဦးနှင့်အတူထွက်လာပြီး သတ်မှတ်ထားသောနေရာတွင် ထိုင်ရပါသည်။ ပန်းများ၊ မုန့်များနှင့်အတူ သမက်ရှင်မိဘများ ထံမှသမီးရှင်အား စေ့စပ်ကြောင်းလမ်းခြင်း (ရခိုင်အခါ် ကတိသစ္စာပြုခြင်းအထိမ်းအမှတ်) အဖြစ် သားရှင်ဘက်မှ အမေ(သို့)အစ်မက မိန်းကလေးကို ကန်တော့ကြီး ဆံထုံး(ဘီးဆံထုံး)တွင် ပန်းဆင်ပေးရသည်။ ထို့နောက် လက်ဝတ်ရတနာများကို ရွှေကျပ်ချိန်ဖြင့်ပေးပြီး အသွင်းနှင်းခြင်း ဆောင်ရွက်ရသည်။ ထိုရတနာဆင်မြန်းခြင်း၊ သမီးရှင်ကိုပန်းပန်ပေးခြင်းများကို ၀တ်ဆင်ပေးသူကို သမီးရှင်က အရိုအသေပြု ကန်တော့ပြီးလျှင် စေ့စပ်မင်္ဂလာ အောင်မြင်ပါတော့သည်။
မင်္ဂလာလက်ထပ်မည့် နေ့ရက်ကို ယင်းအချိန်မှာပင် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးနွေးပြီး သတ်မှတ်ကြပါသည်။ ဆွေမျိုးပရိသတ်တို့ကို မင်္ဂလာရက်ကိုအသိပေး ကြေညာသည်။ထို့နောက် ကြွရောက်လာသော နှစ်ဦးနှစ်ဘက်ဆွေမျိုးပရိသတ်တို့ကို ဧည့်ခံကျွေးမွေးရသည်။
စေ့စပ်ပွဲပြီး၍ သမက်ရှင်ဘက်မှပြန်ကြသောအခါ သမက်ရှင် ဘက်မှယူလာသောငွေဖလားထဲမှ မုန့်အချိုများကို သမီးရှင်ဘက်မှ လက်ခံယူပြီးနောက် ယင်းဖလားထဲသို့ သမီးရှင် ဘက်မှလည်းမုန့်များကို ပြန်လည်ထည့်ပေးရပါသည်။








လက်ထပ်မင်္ဂလာပွဲ

လက်ထပ်မင်္ဂလာပွဲအတွက် မင်္ဂလာပွဲတင်ကို တစ်ရက်ကြိုတင်လုပ်ရသည်။ မင်္ဂလာပွဲတင်သည် လက်ထပ်မင်္ဂလာပွဲတွက် ရှေးဦးစွာဆောင်ရွက်ရသော လုပ်ငန်းဖြစ်ပါသည်။ယင်းပွဲကို သမီးရှင် အိမ်၌သာ ပြုလုပ်ရပါသည်။ မင်္ဂလာပွဲနေ့ရောက်သောအခါ ယင်းနေ့နံနက်အရုဏ်ချိန်တွင် သမီးရှင်သမက်ရှင်တို့အား မိမိတို့အိမ်များမှာပင် မြတ်စွာဘုရားအား ဦးထိပ်ထား၍ဘုန်းကြီးငါးပါးအား မင်္ဂလာဆွမ်းကပ်ပြီး မင်္ဂလာပရိတ်နာရပါသည်။ ဘိုးဘွားလူကြီးမိဘတို့ကို ကန်တော့၊ မင်္ဂလာစကားကျွမ်းကျင်သူများက နံ့သာရည်တို့ဖြင့် ပတ်ဖျန်းခြင်းတို့ပြုလုပ်ကာ မင်္ဂလာမြှောက်ကြသည်။ ပရိတ်နာရာတွင် ပရိတ်ကြီးမှာ လက်ထက်ပွဲအတွက် အဓိကအရေးကြီးဆုံး အချက်ဖြစ်သည်။ ရှေးဦးစွာ မင်္ဂလာစားပွဲငယ် ကိုပြင်ဆင်ရပါသည်။
ယင်းစားပွဲတွင်ပါ ၀င်ရမည့် အချက်များမှာ…
-မင်္ဂလာမြှောက်ခြင်း၊မင်္ဂလာထမင်းပွဲပြင်ဆင်ခြင်း
-သီးသန့်ပြုလုပ်ထားသော မင်္ဂလာစားပွဲကို စားပွဲခင်းခင်း၍ အပေါ်တွင်စပါးခင်းထားသည်။
-ဖြန့်ကြဲထားသောစပါးပေါ်တွင် ဘဲဥပုံမင်္ဂလာကြွေလင်ပန်းကြီးတွင် ကောက်ညှင်းနှင့်ထမင်းများထည့်၍  တင်ထားရမည်။
…ယင်းထမင်းပေါ်တွင်ချက်ပြီးသား ခြေလက်အမွေးစုံသော ပုဇွန်တုပ်ကြီးနှစ်ကောင်၊ အမွေးစုံ အကြေးခွံပါသာ ငါးကန်သားနှစ်ကောင် ၊ဘဲဥနှစ်လုံး ၊မျောက်ဥခေါ် ကန်စွန်းဥနှစ်ဥနှင့် အခွံခွာပြီးသော ရခိုင်ငှက်ပျောသီးနှစ်လုံးတို့ဖြင့် ပြင်ဆင်ထားရသည်။ ငါး၊ပုဇွန်၊ဥ၊သီးနှံစပါး ပေါကြွယ်ဝစေရန် အတိတ်နမိတ် ယူထားခြင်း ဖြစ်ပါသည်။ စပါးများထဲတွင် ရွှေဒင်္ဂါး၊ငွေဒင်္ဂါးများ မြုပ်နှံထားကြသည်။ ရွှေငွေပွားများအောင် ရည်၇ွယ်ခြင်းဖြစ်ပါသည်။

-သမီးရှင်ထိုင်သောနေရာလက်ယာဘက်တွင် ရေစင်အိုးဟုခေါ်သော ကြေးအိုးငယ်နှစ်လုံးတင်ထား ရပါသည်။ ကြေးအိုးအပြင်ဘက် ပတ်လည်ကို မင်္ဂလာပရိတ်ချည်ဖြင့် ပတ်ပေးထားရသည်။

-ကြေးအိုး၌ရေထည့်ထားပြီး မြေဇာရွက်၊ သပြေပန်း၊ အချိန်ခါကောင်း သတ်မှတ်သော စာရွက် (အခါစာ)တို့ကိုထိုးရပါမည်။

-ထမင်းပန်းကန်၏ လက်ဝဲဘက်တွင် ဟင်းပန်းကန် ၅လုံးတင်ပြီး ယင်းပန်းကန်အသီးသီးတွင် ကြက်တစ်ကောင်လုံး အူအသည်းစုံစွာ ငရုတ်သီးမပါဝင်ဘဲ ချက်ထည့်ရပါမည်။ ပုဇွန်ထုပ်ကို အကောင်မပျက်လှော်ထည့်ရပါမည်။
-ရွှေဖရုံသီးချက်ထည့်ရပါမည်။ ကျန်ပန်းကန်နှစ်ခုတွင် ကြက်နှင့်ပုစွန်ပဲ ထည့်ရပါမည်။
(ကြက်နှစ်ပန်းကန်၊ ပုဇွန်နှစ်ပန်းကန်၊ ရွှေဖရုံသီးတစ်ပန်းကန် ဖြစ်သည်။)
မင်္ဂလာလက်ဆုံထမင်းပွဲတွင် ငကန်သား (အကြေးရှိသောငါး)၊ ကြက်သား၊ ဘဲဥ၊ ပုဇွန်၊ မြောက်ဥ (ကန်စွန်းဥ)၊ ချဉ်ပေါင်ဟင်းများထည့်ထားသည့် ဟင်းပန်းကန်က တစ်ဖက်ထားရှိပါသည်။ ပုဇွန်ဆိုလျှင် နှုတ်ခမ်းမွှေးပင်မပြတ်စေရ။ အကျိုးအပဲ့အနာအဆာများ မပါစေရန် အထူးဂရုပြုရ၏။ဤမင်္ဂလာ စားပွဲကို မင်္ဂလာဆောင်မည့်နေရာတွင် ထားရှိပြီး မင်္ဂလာမြှောက်ခြင်း ပြုလုပ်ကြသည်။
(အညွှန့်ရှိသော်အမျိုးသမီးက သမက်ရှင်အိမ်မှဆန်နို့ဆီဗူးနှစ်ဗူး၊ လေးဗူး၊ ခြောက်ဘူး စသဖြင့် စုံဂဏန်းကို သမီးရှင်အိမ်သို့ သွားပို့၊ သမီးရှင်အိမ်မှဆန်များနှင့် ရောပြီး အညွှန့်ရှိသော အမျိုးသမီးကသာ မင်္ဂလာလက်ဆုံထမင်းပွဲ အတွက်ချက်ရသည်။
***(အညွှန့်ရှိသော အမျိုးသမီးဆိုသည်မှာ လူပျိုအပျိုလက်ထပ်ကြပြီး ယခုတိုင် မောင်နှံစုံ အတူတကွနေထိုင်၍ သားသမီးတစ်ဦးတစ်လေမှ ပျက်စီးခြင်းမရှိသောအိမ်ထောင် ရှင်မ ကိုဆိုလိုသည်။)
ဒုတိယပိုင်းကို ဆက်လျှက်အားပေးပါအုံး....ဖတ်လို့ တစ်ခုခုလေးများသိသွားရင် ကျန်သွားရင် စီဘောက်မှာ အော်ခဲ့ပါအုံး...
ရှင်းသန့်(22.02.2011)



Родинка       =အမှတ်၊ မှဲ့
Кожа           =အရေပြား
Живот         =ဗိုက်၊ဗိုက်သား
 Пупок          =ချက်
Талия           =ခါး

Пах(паховая область)=ပေါင်ခြံ
Бедро          =ပေါင်တံ
Лобок          =ဆီးခုံ
Лобковые болосы  =ဆီးခုံအထက်ကအမွှေး(…မွှေး)
Половой член (пол,фаллос)=အထီးလိင်
Головка       =ထိပ်၊ခေါင်း

Влагалище   =မအင်္ဂါ၊သားအိမ်လမ်းကြောင်း
Мастурбация (онанизм)    = masturbation
(заниматься мастурбацией)
Анус            =စအို
Кал              =မစင်
Моча            =ဆီး

Попа            =ဖင်ပိုင်း
Ягодица       =တင်ပါး
Мускул(мышца)  =ကြွက်သား
Кость           =အရိုး

Нога            =ခြောက်ထောက်
Колено        =ဒူးခေါင်း၊ဒူးဆစ်
Теленок       =ခြေသလုံးကြွက်သား
Лодыжка      =ခြေပွတ်တိုင်
Палец ноги(носок)=ခြေချောင်း
Стопа          =ခြေဖ၀ါး
Пятка           =ခြေဖနောင့်

* မှားခဲ့ရင်လည်း သည်းခံပေးပါ၊ သိသလောက်ဖော်ပြခြင်းပါ...နဲနဲလေး ယူသွားတယ်၊ ရသွားတယ်ဆိုရင်ပဲ ၀မ်းသာနေမှာပါ။ ယူသွားတယ် ဒါမှမဟုတ် သိတာလေးထပ်ရှိသေးရင် စီဘောက်မှာ အော်သွားပါအုံး...

ရှင်းသန့်(19.02.2011)

    ခု…ကျွန်တော်ရှင်းသန့် ပြောပြချင်တာလေးက ရုရှားဘာသာစကား လေ့လာနေသူများအတွက် နဲနဲလေးလောက် အထောက်ကူဖြစ်ဖြစ်၊ ဗဟုသုတအနေနဲ့ဖြစ်ဖြစ် ရရှိစေလိုပါသဖြင့် ကျွန်တော့်မှတ်စု စာအုပ်လေးထဲက ကောက်နုတ် တင်ပြလိုက်ပါတယ် ။ ကျန်းမာရေး မကောင်းတဲ့အခါ  (ကျောင်းမလိုက်ချင်လို့) ပြောတဲ့အခါမှာ အသုံးဝင်ပါတယ် ။ သိသလောက်ပြောပြတာပါ အကုန်မသိပါ...

လူ့ခန္ဒာကိုယ်မှ အစိတ်အပိုင်းများ အပိုင်း()


Голова         =ဦးခေါင်း
Память         =မှတ်ညဏ်
Волос(ы)      =ဆံပင်
Лицо            =မျက်နှာ
Лоб             =နဖူး
Висок           =နားထင်
Затылок       =နောက်စေ့
Ухо(уши)      =နား
Глаз(а)         =မျက်လုံး
Ресницы       =မျက်တောင်မွှေး
Бровь           =မျက်ခုံးမွှေး
Щека           =ပါး၊ပါးမို့
Нос              =နှာခေါင်း
Рот              =နုတ်ခမ်း
Язык            =လျှာ
Язычок        =လျှာခင်၊အာသီး
Зуб(ы)         =သွား
Десна           =သွားဖုံး
Усы              =နှုတ်ခမ်းမွှေး
Борода         =မုတ်ဆိတ်
Подбородок =မေးစေ့

Шея             =လည်ပင်း
Ключица      =လည်ပင်ညှပ်ရိုး
Кадык(адамово яблоко)   =ဇလုတ်
Плечо          =ပခုံး
Лопатка       =လက်ပြင်
Спина           =ကျောဘတ်
Ящик(сундук)=ရင်ဘတ်
Грудина       =ရင်ညွန့်ရိုး(အရှိုက်ရိုး)
Грудь           =မိန်းမရင်သား
Рукоятка(рычаг,рука) =လက်မောင်း
Калено(локоть)=တံတောင်ဆစ်(အဆက်)
Предплечье  =လက်ဖျံ
Подмышка    =ချိုင်းကြား
Подмышечные волосы=ချိုင်းမွှေး

Запястье      =လက်ကောက်ဝတ်
Рука             =လက်
Палец          =လက်ချောင်း
Ноготь         =လူ၏လက်သည်း
Коготь         =တိရိစ္ဆာန်လက်သည်း


လက်ချောင်းလေးတွေကို ခွဲ ခေါ်ကြမယ်။ 
Палецы
Большой палец      =လက်မ
Указательный палец=လက်ညိုး
Средний палец       =လက်ခလည်
Безымянный палец=လက်သန်းကြွယ်
Мизинец палец       =လက်သန်း

မသိတာလေးတွေ လိုချင်တာလေးတွေ ရှိရင်စာအုပ်လေးထဲမှာ ရေးမှတ်ထားပေါ့...ယူကြပါ..ပြန်မျှပါ...

ဒုတိယပိုင်းဆက်လျှက်ဖတ်ရှုပေးပါ...စိတ်ဝင်စားစရာ အောက်ပိုင်းဆိုင်ရာများကျန်ရှိပါ သေးတယ် ....ဟဟ



ရှင်းသန့်(18.02.201)



မင်္ဂလာပါ…စာချစ်သူတို့ ၊ ကျွန်တော် ရှင်းသန့်ဟာ စာရေးရတာ အနည်းငယ်သော ၀ါသနာပါ တာကြောင့်…ငါ ဘလော့လေးရေးမယ်… မြန်မာပြည်ပြန်ရင်လဲ အကျင့်တစ်ခုပါသွားအောင်ရယ် ကျွန်တော် သိတာလေးတွေ၊ ဖတ်ဖူးတာလေးတွေ၊ ကောင်းနိုးရာရာလေးတွေ ဝေမျှချင်တဲ့ စိတ်တွေကြောင့် ဒီဘလော့ကို ရေးလိုက်ခြင်းပါ။ စာရေးဆရာမဟုတ်ပါ… ဒီအတွက် အမှားတွေ ပါနေမှာပါ ၊ နားလည်ပေးပါ ။ ဖြည့်ဖတ်ပေးပါ။ ဖြည့်တွေးပေးပါ။ အကြံပြုချက်များကို ကြိုဆိုပါတယ်။ ခေါင်းစဉ်ကိုက "စိတ်ကူးတို့၏ တစ်စုံတစ်ရာ" ဆိုတဲ့အတိုင်း ကောင်းမယ်ထင်တာလေးတွေ စိတ်ကူးပေါ်လာတာလေးတွေကို တင်ပြပေးသွားပါမယ်။ နဲနဲတော့ ခေါင်းမူးစေမယ်ပေါ့…ဟဲဟဲ ။ လာလည်ပါ…ယူသွားပါ…ပြန်ပေးကြပါ။ တစ်ပုဒ်လုံးဖတ်လို့မှ မှတ်စရာ အနည်းငယ်ရသွားတယ်ဆိုရင် ကျွန်တော်များစွာ ကျေနပ် ပီတိ ဖြစ်မှာပါ ။ ဖတ်ပြီး ပြန်လည်ဝေမျှခြင်းဖြင့် စာပေ ပညာ ကုသိုလ် ယူလိုက်ကြရအောင်……..



ရှင်းသန့်(PMA)
အစာလဲဆေး  ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. အဲ့ဒီအသီးတွေကို ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး တွေကိုဖောာ်ပြပေးလိုက်ပါတယ်။

ပန်းသီး

ပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊ နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်. ပန်းသီးတစ်လုံးတွင် အမျှင်ဓာတ် ပမာဏ ၅ဂရမ်ခန့် ပါဝင်ပြီး အာဟာရဓာတ်များ ပေါင်းစပ် ပါဝင်နေ သောကြောင့် ၄င်းတွင် အရိုးကို သန်မာစေသော ဗီတာမင် ကေ၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေသော ဓာတ်တစ်မျိုးတို့လည်း ပါဝင်ပါတယ်. ထို့ပြင် အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူများ၊ ၀ိတ်လျော့လိုသူများ အစားမစားမီ နာရီဝက်အလိုတွင် ပန်းသီးတစ်လုံးကို စားသင့်ကြောင်း သိရပါတယ်။

ဖရဲသီး

ရေဓာတ်ပါဝင်မှု ၉၀% ရှိသောကြောင့် ဖရဲသီးဟာ အသားအရေကို စိုပြေ ချောမွတ် စေရုံသာမက အစာ ခြေဖျက်ခြင်းကိုလည်း အားကောင်းစေ နိုင်ပါတယ်.. ဖရဲသီးမှာ သဘာဝ SPF ပါဝင်မှုကြောင့် နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်.. ကင်ဆာ ဖြစ်ပွားခြင်း၊ မျက်စိအားနည်းခြင်း၊ ရောဂါ ဘယ ဖြစ်ပွားခြင်း တို့မှ ကာကွယ်စေနိုင်တဲ့ အကျိုး ကျေးဇူးများ ရှိပါတယ်။ ဖရဲသီးတွင် ပါဝင်သော လိုင်ကိုပိန်းမှာ နှလုံးရောဂါဖြစ်ပွားခြင်း ၊ အမျိုးသား များတွင် ဖြစ်တတ်သော ကင်ဆာရောဂါကို လျှော့နည်းစေခြင်း၊ ဗီတာမင် B6, A,C တို့ ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြင့်မားစေခြင်း ၊ အဖျားအနာ လျော့နည်းစေခြင်း တို့ကို အကျိုးပြုနိုင်ပါတယ်။

လိမ္မော်သီး

တစ်ရက်ကို လိမ္မော်သီး ၂လုံးမှ ၄လုံးခန့် စားပေးခြင်း အားဖြင့် အအေးမိရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ် ပေးနိုင်ပါတယ်. လိမ္မော်သီးမှာ ကိုလက်စထရောကို လျော့ချပေးခြင်း၊ ကျောက်ကပ်တွင် တည်နေသော ကျောက်များကို ပျော်ကျစေခြင်း၊ အူမကြီး ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့နည်းစေခြင်း စတဲ့ အစွမ်း သတ္တိများ ပါဝင်ပါတယ်.. ကယ်လ်စီယမ် ပါဝင်ခြင်း ကြောင့် အရိုးများကို သန်မာအားကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ခြင်း၊ သွေးထဲတွင် ဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းကို ကူညီပေးခြင်း ၊ နှလုံးသွေးကြောများကို ကောင်းမွန်စေခြင်း စသည့်အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်ပါတယ်။
သင်္ဘောသီး

ဗီတာမင်စီ နဲ့ အမျှင်ဓာတ်များ ပါဝင်မှုကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်.. ထို့ကြောင့်လည်း ၀မ်းမှန်မှန်သွားချင်သူများ သဘောင်္သီးကို များများ စားပေးသင့်ပါတယ်.. သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို အထောက်အကူများစွာ ပေးနိုင်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်.. အရေပြားပေါ်မှ ဆဲလ်အသေများကို ပျော်ဝင်စေနိုင်သောကြောင့် ပိတ်ဆို့နေသော အပေါက်များကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့် အသားအရေကို တောက်ပချောမွတ်စေနိုင်ပါတယ်.. ကိုလက်စထရောကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်…။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတဲ့ အသီးအနှံတွေဟာ ကျန်းမာရေးအတွက်
ဆေးတစ်လက်အဖြစ် အသုံးဝင်တယ်ဆိုရင်ဖြင့် ငွေကုန်ကြေးကျ မများလှတဲ့ အသီးအနှံတွေကို နေ့စဉ် စားသုံးပေးခြင်း အားဖြင့် ၀င်ရောက်လာနိုင်တဲ့ ရောဂါဘေးတို့ကနေကာကွယ် သင့်ကြတယ် မဟုတ်ပါလား။ သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ။
*စာဖတ်သူတို့အား ဗဟုသုတရစေချင်ပါသဖြင့် မေးလ်ထဲမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။ နောက်ထပ် ကောင်းနိုးရာရာလေးတွေလဲ ဆက်လျှက် တင်ပေးသွားပါအုံးမယ်...။




ဟုတ်ကဲ့ရှင် အခု ဟောပြောပေးမဲ့သူကတော့ တတ်သစ်စ စာရေးဆရာ ရှင်းသန့် ဖြစ်ပါတယ်။ ဆရာရှင်းသန့်ဟာဆိုရင် ပျဉ်းမနား ဇာတိဖြစ်ပြီး ကျောက်ဆည်တက္ကသိုလ် ဓါတုဗေဒ ဌာနမှ ဂုဏ်ထူးတန်းဘွဲ့ကို ၂၀၀၇ ခုနှစ်မှာရရှိပြီး၊ ရုရှားနိုင်ငံ ကားစ်ခ်မြို့မှ မာစတာဘွဲ့ကို ၂၀၁၁ ခုနှစ်မှာ ရရှိခဲ့ပါတယ်...ဘာရယ် ညာရယ်နှင့် သီကာဝိုက်ကာ ပြောကြားပေးနေပါတော့တယ်…။ ဟုတ်ကဲ့ရှင် ဆရာရှင်းသန့် စင်မြင့်ပေါ်သို့ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါတယ်………ဖြောင်း …ဖြောင်း…ဖြောင်း နှင့် ထွက်ပေါ်လာသော ပရိတ်သတ်တို့၏ လက်ခုပ်သံအဆုံးမှာ ကျွန်တော် ရှင်းသန့် စင်မြင့်ပေါ်သို့ တတ်ရောက်နေရာ ယူလိုက်ပါတယ်။ 

အားလုံးပဲ မင်္ဂလာပါခင်ဗျာ…ကျွန်တော့်အကြောင်းကို ရှေ့မှာ ဖတ်ပြပြီးသွားတဲ့အတွက် အထွေးထူးပြောပြစရာ မရှိသလောက်အောင်ပါပဲ။ ထိုသို့ အစချီစကား ပြောနေစဉ်မှာဘဲ ကျွန်တော့်ရဲ့ အသံတွေ တုန်ရီနေတာကို အထူးသတိထားမိပါတယ်။ ထို့နောက် အိနြေ္ဒမနဲဆည်၍ ဆက်လျှက် ချီတတ်ရပါတယ်။ ခုလို ကြီးကျယ် ခန်းနားတဲ့ပွဲကြီးမျိုးမှာ တတ်ရောက်ဟောပြောခွင့် ရရှိသောကြောင့် အထူးပင် ကျေးဇူးတင်ရှိပါတယ်။
ဦးစွာပထမ ကျွန်တော့်ကို လာရောက်ဟောပြောပေးပါလို့ ဖိတ်ကြားလိုက်တဲ့ ကျွန်တော့် သူငယ်ချင်းများဖြစ်တဲ့ စာရေးဆရာ မျိုးခန့်(စကားဝါမြေ) နှင့် စာရေးဆရာ ဒေါက်တာရာဇာ (ကျေးတောသားလေး)တို့ကို အထူး…အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်းနှင့် ဒီလို ဟောပြောပွဲ ကြီးမျိုး လုပ်မယ် စိတ်ကူးရသော ဆရာဦးချစ်လွင်နှင့် ၀ိုင်းဝန်းကူညီပေးကြသူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားချင်ပါတယ် ။ ရှေ့မှာပြောသွားကြတဲ့ ဆရာကြီး နေ၀င်းမြင့် ၊ ဆရာကြီး ချစ်ဦးညို ၊ ဆရာကြီးချစ်နိုင် ၊ ဆရာကြီး လယ်တွင်းသားစောချစ် တို့လိုတော့ အငို၊ အဆို၊ အပြောလေးတွေနဲ့တော့ မပြောတတ်ပါဘူး။ ဆရာကြီးတွေ ပြောပြသွားလို့လဲ တော်တော်ပြည့်စုံသလောက် ဖြစ်နေပါပြီ၊ သို့သော် ကျွန်တော်ကလဲ ဒီပွဲလာမယ် ဒီဆရာကြီးတွေ ပါမယ် ဆိုတာ ကြိုတင် သိထားတော့ ဆရာကြီးများနဲ့ မတူအောင် ခွဲထွက်မှရမယ် တူသွားရင် ငါ့ကို နားထောင်မဲ့သူမရှိဘဲ၊ ထိုင်လျှက် အလေးများပြုကြမည်၊  မေတ္တာတော်များပေးပို့လာနိုင်သည်ကို ကြိုတင်တွေးထားသဖြင့် ဒီနေ့ပြောမဲ့ခေါင်းစဉ်ကိုတော့ "ကျွန်တော်သိခဲ့တဲ့ ဓါတုဗေဒရဲ့ အစိတ်ပိုင်းအချို့လို့" အမည်ပေး ထားပါတယ်။ ကြိုတင်ပြီး ပြောထားချင်တာကတော့ ကျွန်တော်ပြောတဲ့ အကြောင်းရာများထဲမှာ အမှားများ၊ အဆင်မပြေမှုများ ပါရှိလာပါက ခွင့်လွတ် နားလည်ပေးပါလို့ … အော် ဒီလို ခပ်ချောချော ငယ်ငယ် စာရေးဆရာလေး ဆိုတော့ မှားချင်မှားမှာပေါ့လို့ ငယ်သေးတာကိုလို့… မေတ္တာလေး ရှေ့ထားပြီး နားလည်ပေးကြပါလို့ ဦးစွာ ပြောကြားထားပါရစေ ခင်ဗျာ…။
ကဲ ကျွန်တော့်ရဲ့ ဟောပြောမှုလေး စတင်ပါရစေ။ ဓါတုဗေဒ ဆိုတာ ပရိတ်သတ်ကြီးလဲ သိသင့်သလောက် သိထားကြမယ် သင်ဘူးကြမယ်လို့ ထင်ပါတယ်။ ၉ တန်း ၊ ၁၀ တန်းထဲက သင်ကြားဘူးကြပါမယ်(သိပ္ပံ၊ အီကိုတွဲ ဆိုရင်ပေါ့) ။ ၀ိဇ္ဖာတွဲတော့ မသင်ရဘူးပေါ့ …သို့သော် အလယ်တန်း ကျောင်းသားဘ၀တွေမှာထဲက မြန်မာလို သင်ဘူးကြမယ် …ဥပမာ ဘယ်ဓါတ်ငွေ့နဲ့ ဘာနဲ့ ပေါင်းပြီး ဘယ်လိုတွေ ဖြစ်သွားတယ်၊ ဘယ်လိုတွေရရှိလာတယ်။ ဘယ်ဟာတွေက ဘာနဲ့ရောရင် အဆိပ်တောက်ဖြစ်စေတယ် ဆိုတာလောက်တော့ ပရိတ်သတ်ကြီး ကြားဖူးမယ် လို့ မျှော်လင့်ပါတယ်။ အဲဒါတွေကလဲ ဓါတုဗေဒရဲ့ အစိတ်ပိုင်း တစ်ချို့ပါပဲ။ 
ကျွန်တော်တို့ ဆရာကြီးက အမြဲပြောပါတယ်… ဓါတုဗေဒဟာ မသုံးတတ်ရင် မြွေဟောက်နဲ့တူပြီး သုံးတတ်ရင် အသက်ရှည်ဆေးနဲ့ တူပါသတဲ့…ဟုတ်ပါတယ်လို့ ထောက်ခံချင်ပါတယ် ဓါတုဗေဒဟာ အန္တရာယ် များတဲ့ လုပ်ဆောင်ချက်တွေနဲ့ လက်တွေ့လုပ်ဆောင်နေရတာပါ။ ဥပမာ တစ်ခုလောက် ပြောပြချင်ပါတယ် ကျွန်တော်တို့ ၁၀တန်းတုံးက သင်ခဲ့ရတဲ့ Bromination ဟာဆိုရင် သိပ်အန္တရာယ်များတဲ့ လုပ်ဆောင်မှုပါ … သူ့ကို ဓါတ်ပြုမှု(reaction) လုပ်တော့မယ်ဆိုရင် မျက်မှန်(လက်တွေ့ခန်းသုံး)၊ လက်အိတ် တို့ မရှိမဖြစ် ၀တ်ဆင်ထားရပါမယ်။ နောက်တစ်ခုက brom(Br) ဟာဆိုရင် အငွေ့ပျံပါတယ်…ဒါကြောင့် အငွေ့နဲ့ အနံ့ဆိုးတွေကို (ဓါတ်ပြုမှုတွေမှ ထွက်လာသော) စုတ်ယူနိုင်သော လေစုတ်ကြောင်အိမ် ( မြန်မာလိုအလွယ် ခေါ်ခြင်းဖြစ်သည်) ကိုဖွင့်ထားရပါမယ်။ သို့သော် မြန်မာနိုင်ငံမှာ ကျောင်းတတ်စဉ် ကတော့ မမြင်ဘူးပါ… ဒါပေမဲ့ တစ်နေ့နေ့မှာတော့ တွေ့ရမယ်လို့ မျှော်လင့်ပါတယ်… ဖြောင်း…ဖြောင်း…ဖြောင်း (ပရိတ်သတ်ရဲ့ လက်ခုပ်သံပါ၊ ဘာလို့တီးတယ်တော့ ကျွန်တော်မသိပါဘူး… ဒါပေမဲ့ ၀မ်းသာသွားတယ်… အော် ငါပြောတာကို သဘောကျကြတယ် အိပ်တော့ မငိုက်သေးပါလား ဆိုပြီးပေါ့…။
ဒီလိုနဲ့ ဓါတုဗေဒရဲ့ အန္တရယ် ရှိတာတွေ ဘယ်လို သုံးရမယ် ရှောင်ရမယ်ကို ပြောကြား လာပြီးနောက်… ဓါတုဗေဒရဲ့ ကောင်းကြောင်းအနဲငယ် ပြောကြားရပါတော့တယ် ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ဓါတုဗေဒကို မကောင်းတဲ့ ဘာသာရပ် ဆိုပြီး နောက်တတ်မဲ့သူ သင်ကြားလိုတဲ့သူ မရှိဘဲ မျိုးဆက်တုံးကုန်မည် ဆိုးသဖြင့် ကောင်းကြောင်းလေးတွေလဲ ပြောပေးရသေးတယ်လေ….။ ဓါတုဗေဒဟာ သုံးတတ်ရင် အသက်ရှည်ဆေးဆိုတာလေးကို ပြောပြပါမယ်။ ကမ္ဘာမှာ ခု လက်ရှိသုံးနေကြတဲ့ အလှပြင်ပစ္စည်းတွေ၊ အ၀တ်အထည်တွေ ၊ အထူးသဖြင့် ဆေးတွေမှာ အကျိုးရှိအောင် အသုံးပြုနေပါတယ် ။ ဥပမာ ကလေးတွေဟာ ဆေးသောက်ဖို့ ကြောက်တတ်ကြပါတယ်…သူတို့လေးတွေ ဘယ်လိုလေးဆို သောက်ချင်မလဲ စားချင်မလဲလို့ စဉ်းစားကြရတယ်… အရောင်လေးတွေ အနံ့လေးတွေနဲ့ဆို စားချင်ကြမယ်၊ စားရဲကြမယ်…အိုကေ ဟုတ်ပြီး တို့ဓါတုဗေဒ အစွမ်းပြလို့ရပြီ… ဓါတုဗေဒနည်းနဲ့ လုပ်လိုက်မယ် အရောင်လေးတွေ၊ အနံ့လေးတွေထည့်လိုက်ရင် ကလေးတွေစားချင်လာမယ် (ဆေးတွေရောင်း ကောင်းလာမယ်…ဟဲ ဟဲ)။ အင်္ကျီတွေ အရောင်တင်မယ်၊ ဆေးဆိုးမယ်၊ ကြာရှည်ခံ အောင်လုပ်မယ် ဆိုရင်လဲ ဓါတုဗေဒနည်းနဲ့ ဖော်စပ်ထားတဲ့ ဆေးရည်တွေ၊ အာနိသင်တွေကို အသုံးပြုရပါတယ်။ ဒီထက်ကောင်းတာတွေ…အမျိုသားတွေအတွက် ဘယ်လို အသုံးဝင်တယ်… အမျိုးသမီးတွေအတွက် ဘယ်လို အထောက်ကူဖြစ်စေတယ် ဆိုတာတွေ အများကြီးကျန်ပါသေးတယ်… ဒီထက်အကျယ်တ၀င့် ပြောရမယ် ဆိုရင် ပရိတ်သတ်ကြီးကို စာလာသင် သလို ဖြစ်နေမှာဆိုးသဖြင့် ဒီမှာဘဲ ရပ်နားလိုက်ပါရစေ…ခင်ဗျာ။
စာချစ်သူတို့ကို စကားလက်ဆောင်ပါးချင်တာကတော့ ဓါတုဗေဒနည်းနဲ့ လုပ်ထားတာတွေ ဖော်စပ်ထားတာတွေဆိုရင်တော့ ဂရုစိုက်ပါ၊ အညွှန်းကိုဖတ်ပါ ၊ ပါဝင်မှုတွေ ၊ အာနိသင်တွေကို ဂရုစိုက်ပါ…ကလေးတွေနဲ့ ဝေးတဲ့နားမှာ ထားပါ။ နောက်ကြုံမှ ထပ်လောင်းပြောပြချင်ပါသေးတယ်။ အမှားပါရင် ခွင့်လွှတ်ပါ၊ နားလည်ပေးကြပါ ။ ကျွန်တော့်နောက်မှ ပြောချင်လွန်းလို့ တရွရွဖြစ်နေရှာတဲ့ ကျွန်တော့်နောင်တော်ကြီး ဆရာရာဇာ(ကျေးတောသားလေး)ကိုလဲ နားလည်ပါလို့ ပြောချင်ပါတယ်။ စာရေးဆရာတွေဟာ စင်ပေါ်ရောက်ပြီဆိုတာနဲ့ သူတို့ သိထားသမျှ၊ ဖတ်ထားသမျှတွေကို မနားတမ်း ပြောချင်တော့တာပါဘဲ…အဲဒါ စာရေးဆရာဖြစ်ပါတယ်… ဖြောင်း… ဖြောင်း.. ဖြောင်း… (ပရိတ်သတ် ကြီးရဲ့ လက်ခုပ်သံ) ။ 
ကျွန်တော့်ဟောပြောမှုကို ဒီမှာ နိဂုံးချူပ်ခွင့်ပြုပါ… အားလုံးကို၊ စာချစ်သူ ပရိတ်သတ်ကြီးတို့ကို အထူးပင်ကျေးဇူးတင်ပါတယ် ခင်ဗျာ…။ ပီတိအပြုံးတွေနှင့် စင်ပေါ်ကမှ ဆင်းလာသော ကျွန်တော့်ရဲ့ မျက်နှာကြီး ဖြီးနေတော့တာပါပဲ။ ထိုစဉ် ကျွန်တော့ ပုခုံးကို လက်ကြမ်းကြမ်းနှင့် လာရိုက်လိုက်တာကို သတိထားမိတယ်။ ဟ အကောင် ထကွ မှတ်တိုင်ရောက်ပြီ…မျက်နှာကလဲ စပ်ဖြီးဖြီးနဲ့ ဘယ်လောက် မျက်နှာပြောင်လဲဆို အိပ်တာတောင် ဖြီးတာ မရပ်ဘူး… မြန်မြန်ထ ဆင်းရတော့မယ် …ဆိုတဲ့ အသံဟာ ကျွန်တော့် စာပေဟောပြောပွဲကနေ အိမ်ကို အမြန်ပြန်ပို့ပေးလိုက်တဲ့ အသံဆိုးကြီးပါတကား………။ ကျွန်တော့် စာချစ်သူ ပရိတ်သတ် ကြီးများနှင့် ကျွန်တော့်ဆရာကြီးများ နောင်တော်ကြီးများကိုပင်လျှင် ကောင်းမွန်စွာ မနုတ်ဆက် ရသေးဘူး ခုတော့ အိမ်ကိုရောက်သွားပြီ။


ရှင်းသန့်(16.2.2011)



အပူချိန်ပြင်းပြင်းပူနေတဲ့ နေမင်းကြီးရဲ့အောက်မှာ တောရွာများကို ပြေးဆွဲနေတဲ့ လိုင်းကား အဟောင်းအိုကြီးတစ်စီး တစ်ရွာပြီး တစ်ရွာ ပြေးလွှားနေပါတယ်။ ရထားလမ်း ဆက်ကူးနိုင်သော ရွာတစ်ရွာသို့ ကားအိုကြီး ထိုးရပ်လိုက်သောအခါ အသက် ၆၀ ခန့် အဖွားအို တစ်ယောက် လက်ဆွဲအထုပ်ဟောင်းလေး ဆွဲလျှက် ကားပေါ်မှ ဆင်းလာပါတယ်။ ကားထွက်သွားသည်နှင့် ဖုန်လုံးကြီးများ ထကျန်ခဲ့ပါတော့တယ်။ မလှုပ်မယှက် ရပ်ကြည့်နေသော ရီဝေေ၀ မျက်ဝန်းပိုင်ရှင်… အလက်ဇန်းဒရား ။ အိုး… အရမ်းပူပြင်းတဲ့ အရပ်ဒေသပါလား… သစ်ပင်သစ်ရွက်တို့ နည်းပါမှုကြောင့်လား ရာသီဥတုကြောင့်လား နှင့် တွေးတောနေရင်းမှ သတိဝင်လာမိပါတော့တယ် ။
          ဟေး… လူလေး အဖွားကို ကူပါအုံး..။ လူငယ်လေး နှစ်ယောက် ကူညီဖို့လာစဉ်မှာဘဲ စစ်သားငယ်လေး နှစ်ယောက် ဖြတ်လျှောက်သွားသည်ကို အဖွားအို မြင်လိုက်သည်တွင် … ရပြီလူလေးတို့ နေနေ… ဟိုး…မောင်စစ်သားတို့ အဖွားကို ကူပါအုံး…။ စစ်သားငယ်လေး နှစ်ယောက်အပြေးတစ်ပိုင်း လာကြပါတယ် ။ ဒီလောက်လမ်းကြမ်းထဲ အဖွားတစ်ယောက်ထဲလား ဘယ်သူ့ဆီ လာတာလဲ ဘယ်သွားမှာလဲ….ဟူသောမေးခွန်းများကြားသောအခါ အဖွားအိုက မင်းတော်တော် စကားများတာပါလား … ငါပြောမှာလဲ နားထောင်အုံး အမောင် …ငါ ဗိုလ်ကြီးစားချာဆီ လာတာ ။ အဖွားအိုသည် ခါးကို မတ်မတ်ရပ် ခပ်တင်းတင်း မျက်နှာအနေထားဖြင့် ပြောလိုက်ပါတယ် ။ သူမ၏ အမူယာတို့သည် ဂုဏ်ယူသော မျက်နှာထား အမူယာတို့ ဖြစ်နေ ပေသည်။ ဟာ အဖွား ဗိုလ်ကြီးက ရှေ့တန်းအထိုင်စခန်း တစ်ခုမှာ တာဝန်ကျနေတယ်လေ အဖွားမသိဘူးလား ။ အေး သိတယ် သူရှိတဲ့နေရာကို ငါဆက်သွားမှာ…။ အဖွားရယ် ခုတောင် လမ်းဒီလောက် ကြမ်းတာ အဖွားက ဆက်သွားမယ်ဆို အရမ်းပင်ပမ်းနေမှာပေါ့ ။ ငါ စစ်သားအမေပါ အမောင် ဒီလောက်တော့ ငါ ခံနိုင်တယ် ငါ့သားနဲ့တွေ့ဖို့ အဓိကကြတယ်… ကဲ အချိန်မရှိဘူး လာကူကြ ။ စစ်သားလေးသည် အဖွားအိုရဲ့ အထုပ်ကို သယ် တစ်ယောက်က အဖွားအိုကို တွဲတာ အဖွားအိုသည် အတွဲမခံဘူး…။ ရတယ် အမောင် ငါ လျှောက်နိုင်သေးတယ် ။ သုံးယောက်သား အမြန်လျှောက်လာရာ တောရွာ ဘူတာလေး သို့ရောက်သည်နှင့် ထိုရှေ့တန်း အထိုင်စခန်းဘက်သို့ ဆက်သွားမည့် ရထားအဟောင်းကြီးက ကြိုဆိုလျှက် ။ 
         ကဲ အဖွား ဒီရထားနဲ့ ဆက်လိုက်သွားရမယ် ဒီမှာ ဗိုလ်ကြီးရှိတဲ့ တပ်ကို သွားမဲ့ စစ်သားတွေ တပ်ကြပ်ကြီးတွေ ရှိတယ် သူတို့နဲ့ အတူ အဖွားလိုက်သွားပေတော့ ။ အေးအေး ကျေးဇူးပါ အမောင်တို့် …ဘုန်းကြီးလို့ အသက်ရှည်ပါစေ… အဖွားအိုမှ ဆုများတောင်းပေးနေတုံးမှာဘဲ … ။ စစ်သားငယ်က … ဆရာကြီး ဒီအဖွားကို ဆရာကြီးတို့နဲ့အတူ ခေါ်သွားလိုက်ပါ ။ ဟာ ဒီလောက်လမ်းကြမ်းတာ သူက ဘာလုပ်မှာလဲ ဘာလဲကွာ ……စိတ်မရှည်သော ဆရာကြီး၏ လေသံအချို့….။ အဖွားက ဗိုလ်ကြီးစားချာ ဆီကို လိုက်မှာတဲ့ ဆရာကြီးရ ခေါ်သွားလိုက်ပါ ။ အေးကွာ ဒါဆိုလဲ တင်လိုက်ကြ ။ ဆွဲတင်ကြသောအခါ အဖွားအိုက … ရတယ် အမောင်တို့ ငါ့ဖာသာ ငါတတ်မယ်…။ မဟုတ်ဘူး အဖွားရ ပြုတ်ကျမှာဆိုးလို့ လုပ်ပါ အဖွားရာ ကြာပါတတ် ဆွဲတတ်လိုက်ပါ ။ ထိုသို့ ၀ိုင်းပြောကြသည်တောင် အဖွားအိုက အေးဆွဲမှာဆိုလဲ ဂရုတစိုက်ဆွဲပေးကြပါ။ အဖွားအို၏ စိတ်တွင် မိမိသားအတွက် ဂုဏ်ယူမှုများ ၀မ်းသာမှုများနှင့် အပြည့်ဖြစ်နေပေလိမ့်မည် ။ အဖွားအို တံခါးပေါက်လေးနား ရပ်ကြည့်နေစဉ်မှာဘဲ ရထားက စတင်ထွက်ခွာလာပါတော့တယ် ။ မည်သူမှ အဖွားအိုကို စကားမပြောကြပါ ။ မိမိတို့ အတွေးများနှင့် စိတ်ကူးများနှင့် … ရှေ့တန်းပါလာကြသော စစ်သားတို့၏ စိတ်တွင်းခံစားမှုတို့သည် မည်သို့ မည်ပုံ ဖြစ်နေမည် တွေးနေမည် ခံစားနေမည်ကို ကျွန်တော် မထွက်ဘူးသဖြင့် အပြည့်အ၀ မသိပါ။ ခံစားမှုအရိပ်ယောင်တွေ လွမ်းဆွေးမှုတွေ ထင်ဟပ်နေတဲ့ မျက်နှာတွေကို အဖွားအို သေရှာ  စိုက်ကြည့်နေရင်း သနားကြင်နာမှုတွေ ပေါ်လာပါတယ်။ အဖွားအိုရဲ့ မျက်စိထဲမှာ သူတို့လေးတွေဟာ အပြစ်ကင်းနေသလိုပဲ။ တချို့တွေက ခေါင်းငိုက်စိုက် ချထားကြတယ် တစ်ချို့တွေက အပြင်ကို ငေးနေကြတယ်။ တစ်ချို့တွေက အဖွားအိုကို ကြည့်နေကြတယ်။ အဖွားအိုက သူ့ကို စိုက်ကြည့်သော စစ်သားငယ်လေးခေါင်းကို သွားကိုင်၍ သားခေါင်းက ဘာဖြစ်တာလဲ ခေါင်းမူးလို့လား၊ နောက်တစ်ယောက်ကိုလဲ နေကောင်းလား၊ ဗိုက်ဆာလား၊ အဆင်ပြေလားနဲ့ အဖွားအို လိုက်လံ နှုတ်ဆက်နေပါတော့တယ်။ တချို့က ပြန်ဖြေကြသလို တစ်ချို့က ပြန်လည် ဖြေကြားခြင်းမရှိ ဆက်လက် တွေးဆဲ ဆွေးဆဲပါ။ အဖွားအိုလဲ နေရာလွတ်လေးမှာ ၀င်ထိုင်ရင်း စစ်သားငယ်လေး တွေရဲ့ မျက်နှာကို ငေးကြည့်နေပါတော့တယ်။ ငိုက်လိုက် နိုးလိုက်နှင့် ခရီးနှင်ခဲ့တာ အလင်းရောင်တွေ ပျောက်ကွယ်၍ မှောင်မဲနေပါပြီ။ မိမိတို့ ဆင်းလိုသော နေရာသို့ ရောက်သောအခါ စစ်သားငယ်လေးများ ဆရာကြီးများနှင့်အတူ အဖွားအိုပါ ဆင်းလိုက်ကြပါတယ်။ 


          ထိုစဉ် အရှေ့မှ ထိုးလိုက်သော မီးရောင်ကြောင့် အဖွားအို လန့်သွားပါတော့တယ်။ အမှောင်ထဲမှာ မြင်လိုက်ရသော မီးဖွေးဖွေးများ…တင့်ကား နှစ်စီး ဖြစ်ပါတယ်။ ကဲ အဖွားရေ ဒီကားနဲ့ ရှေ့ဆက်စီးရအုံးမယ်… လမ်းခရီးကတော့ တွေ့တဲ့အတိုင်းပဲ… ကဲ..အဖွားလဲ တက်ရမယ်။ ဟင် ဒီကားကြီးတွေနဲ့လား ဘယ်လို ထိုင်မလဲ….။ ကဲ အဖွားရေ ပြောနေရင် ကြာတယ် အချိန်မရှိဘူး  တက်…တက် ဟူသော ပြောဆိုနေသံကြားမှာ အဖွားအိုကို စစ်သားငယ်လေး ၂ ယောက်တွဲ၍ တင့်ကားကြီးပေါ်သို့ တစ်ဆင့်ခြင်း တင်ပေးနေပါတော့တယ်။ ဟဲ့…ဂရုတစိုက်လုပ်ကြပါ ဖြည်းဖြည်း ဆွဲပါ နှင့် အော်နေစဉ်မှာဘဲ အဖွားအို တင့်ကားကြီးပေါ်သို့ ရောက်ရှိသွားပါတယ်။ ကားမီးရောင်မှ မြင်လိုက်ရသော ဖုန်လုံးများနှင့် ဘေးဘီဝဲယာမှ အမှောင်ထုများမှ အပ မည်သည်ကိုမှ မမြင်ရ။ အဖွားအို၏ လက်တို့သည် သံတိုင်သံချိတ်များသို့ မြဲမြံစွာ ဆွဲထားလျှက် ငိုက်လိုက် သတိထားလိုက် ငိုက်လိုက်နှင့် မိုးလင်းစ ပြုလာပါတော့တယ်။ သိပ်မကြာခင် မှာဘဲ သံစည်းရိုးများ ငုတ်တိုင်ကြီးများနှင့် သွားလိုသော စခန်းမြေသို့ ရောက်ရှိလာပါတော့တယ်။ ကဲ အဖွားရောက်ပြီ ကျွန်တော့်ကို တွဲဆင်းပါ။ အောက်သို့ရောက်သည်နှင့် အဖွားအိုအား အရာရှိရွက်ဖျင်တဲလေးဘက်သို့ ခေါ်ဆောင်ခဲ့ပါတယ်။ အဖွားရေ… ဒီမှာ ဗိုလ်ကြီးစားချာရဲ့ နေရာပဲ အဖွားဒီမှာနေ ။ ဟေ ငါ့သားကြီး ဗိုလ်ကြီးစားချာ ကကော သူက ဘယ်မှာလဲ သူမရှိသေးဘူး…အဖွား မနက်မှ ပြန်ရောက်မယ်။ ကဲ…အဖွားနားလိုက်အုံး ဒီကုတင်မှာ အိပ်နေနော် သွားပြီ အဖွားရေ လုပ်စရာတွေ ရှိသေးလို့ နောက်မှ ဆုံမယ်…ဟု ပြောပြီး ဆရာကြီး ထွက်ခွာသွားပါတယ် ။ အဖွားအိုလဲ ဟိုကြည့် ဒီကြည့်နှင့် ၀ိုးတ၀ါးမို့ သဲသဲကွဲကွဲ မမြင်ရဘဲ အိပ်စက်လိုက်ပါတယ်။ 
         အိပ်ယာ နိုးသည်နှင့် အဖွားအို ထ၍ အပေါက်ငယ်လေးမှ အပြင်သို့ ကြည့်နေစဉ်မှာ လန့်နိုးလာသော ဗိုလ်ကြီးစားချာ မိခင်၏ကြောပြင်ကို ကြည့်၍ ပျော်ရွှင်မှု ကျေနပ်မှု ၀မ်းသာမှု နှစ်လိုမှု များစွာ နှင့် စိုက်ငေးကြည့်နေလေသည်။ သို့သော် အဖွားအို မသိသေးချေ။ စားချာလဲ မပြောဘဲ ပြုံးမြဲ ပြုံးဆဲ … အဖွားအို ဆက်ကနဲ လည့်အကြည့်………အား စားချာ သား ဟု အော်ရင်း စားချာဆီ အပြေးတပိုင်း လာခဲ့ပါတော့တယ်။ သားမိနှစ်ယောက် ပြေးဖက်ကြရင်း အော်ဟစ်ရင်း…။ 



             ငါ့သားကြီးက အရပ်ကြီး ပိုမြင့်လာတယ် ခန့်တယ် ယောင်္ကျားပီသတယ် နှင့် သားကို အမွန်းတင်နေသော အမေရဲ့ စကားသံများနှင့် နံနက်ခင်းဟာ ပိုလှနေပါတော့တယ်။ သား..မင်း ပေပွနေတာပါလားကွ မုတ်ဆိတ်တွေကော… အ၀တ်တွေလဲ ပေကျံနေပါလား ငါ့သား သန့်ရှင်းရေးလုပ်အုံး မုတ်ဆိတ်တွေလဲ သွားရိတ် ပြီးရင် အမေတို့ စကားတွေအများကြီး တ၀ကြီး ပြောကြမယ် သွား…သွား မြန်မြန်သွားလုပ်။စားချာ ပြေးထွက်သွားပါတော့တယ်။ ပြန်လာသည်နှင့် သားရဲ့လှုပ်ရှားမှုတွေကို ကြည့်ရင်း ပီတိအပြုံးများနှင့် မိခင်အိုရဲ့ မျက်နှာ….၊ ငါ့သား မင်းကြောပြင်ကြီး ကြီးလာတယ် ပိန်လဲမသွားဘူး ကြည့်ကောင်းတယ် ဘာတယ် ညာတယ်နဲ့ သားကို လိုက်ကြည့်ပြောနေသော အမေ့စကားသံ….။  ကဲ အမေအကုန်ပြီးပြီ အမေ လာလမ်းလျှောက်ရင်း စကားပြောကြမယ်။ သားမိနှစ်ယောက် လက်ခြင်းချိတ်၍ ဖုန်လမ်းလေးအတိုင်း လျှောက်နေရင်း အမေ့လမ်းမှာ တအားပင်ပန်းခဲ့မှာပေါ့နော်။ ရပါတယ် သားရယ် ငါ့သားနဲ့တွေ့ဖို့လာရတာပဲ မပင်ပန်းပါဘူး ခုအမေ့သားကြီးမျက်နှာလဲ မြင်လိုက်ရော ပင်ပန်းတာတွေ ပျောက်ကုန်ပါပြီ သားရယ်။ ပြေးလွှားလှုပ်ရှားနေသော သူများ ပစ္စည်းများ သယ်နေသော သူများ အော်ဟစ်ကြိမ်းမောင်းသံများ နှင့် စစ်တပ်သဘာဝတို့နှင့်….။ ကဲအမေ ဒါ သားတို့ စစ်သား ဘ၀တွေပါပဲ အမေလဲ သိသင့် သလောက်သိမယ် ကြားဖူးမယ် ခုတော့ လက်တွေ့မြင်ပြီမလားအမေ ဘယ်လိုလဲ အမေ… အမေ ကျေနပ်ရဲ့လား…။ သားရဲ့ လက်ကိုချိတ်ထားရင်း သားရဲ့ မျက်နှာကို မော့ကြည့်ပြီး ကျေနပ်တယ် သား….။ ဒါမှ အမေ့သား နိုင်ငံရဲ့သား အားလုံးရဲ့သား အမေကျေနပ်ပါတယ်သား ငါ့သားတို့ ဟာ လူတော်တွေပါ….။ ဟောဟိုက ဘာလုပ်နေတာလဲ…သား၊ အဲဒါ သေနတ်ကို သန့်ရှင်းရေး လုပ်နေတာ အမေ လိုအပ်တာတွေ ပြင်ဆင်နေတာပေါ့ ရှေ့တန်းမှာ အဆင်ပြေအောင်လို့ လုပ်နေရတာ အမေ ။ အေးကွယ် အမေကြည့်ချင်တယ်…။ ဟာ… အမေကလဲ အဲဒါ အဓိက မကျပါဘူး။ အမေ့အတွက်တော့ အဓိက ကျတယ်သား ငါ့သားတစ်ယောက်လုံး စစ်တပ်မှာ ရှိတာ သေနတ်တွေကို မြင်ဘူး သင့်တယ် သိသင့်တယ်လို့ အမေထင်တယ် လာပါ သားရယ် အမေ့ကို လိုက်ပြပါ…။
          စစ်သားငယ်လေးများ သေနတ်များကို တိုက်ချွတ်နေကြတယ် ဆီများထိုးနေကြသည်ကို ပြုံးပြုံးကြီးနဲ့ အဖွားအို ကြည့်နေလေရဲ့။ ထိုစစ်သားငယ်လေးများကိုလဲ လိုက်လံ မိတ်ဆက်စကားတွေ ပြောနေရှာ၏။ စစ်သားငယ်လေးများလဲ ၀မ်းသာနေကြပါတယ်။ မိခင်ကို အလွမ်းပြေစိတ် သတိရစိတ် ဒီလိုနေရာမျိုးမှာ ကိုယ့်မိခင်အရွယ်ကို တွေ့ရသောစိတ်တွေနှင့် ပျော်နေကြပါတယ်။ ဟိုး…ရှေ့က ဘာတဲလေးတွေလဲ သား…။ အဲဒါ စားဖိုတဲလေးတွေ အမေ လာလာ အဲဒီဘက်ကို လိုက်ပြမယ်။ မင်္ဂလာပါ သားတို့... အဖွားအို၏ နုတ်ဆက်သံ။ အဖွားနေကောင်းလား အဆင်ပြေလား ဘာစားချင်လဲ ဟူသော အသံများစွာနှင့် အဖွားအို၏ လမ်းခရီးကြမ်းတမ်းမှုများကို မေ့လျော့ပြီး အဆင်ပြေတယ် နေကောင်းတယ်နဲ့ ဆူညံသွားပါတော့တယ်။ ကဲ…အမေ ပြန်နားကြမယ်..။ 
အမေက ကြည့်ချင်သေးတယ်..သားရယ်။ နောက်ရက်တွေမှ ဆက်ကြည့်ပါ အမေလဲ ပင်ပန်းလာတာနဲ့ လာပါ နားလိုက်ပါအုံး…။ 
အတင်းဆွဲခေါ်လာရပါတယ်။ အိပ်ဆောင်တဲလေးထဲ ရောက်ရှိသည်နှင့် အဖွားအို မျက်လုံးတို့သည် သား၏ ခါးမှာထိုးထားတဲ့ သေနတ်တို့ဆီ ရောက်နေလေသည်။ 
သား ကလဲ မိခင်၏ အကြည့်တို့ကို နားလည်သည့်ဟန်ဖြင့်… အမေက သားသေနတ်ကို ကိုင်ကြည့်ချင်နေတာလား … လေးတယ်နော် အမေ…ဟုပြောပြီး သေနတ်ကို ထုတ်ပေးလိုက်ပါတော့တယ်။ သား… အမေ့ကို ပစ်နည်းတွေ ပြပေးပါလား သား ကျည်ဆံတော့ မပါစေနဲ့ပေါ့ ။ ဟုတ်ကဲ့အမေ ။ ကဲ အမေ ဒီကနေ ရှေ့ကိုကြည့် မျက်လုံးတစ်ဖက်ကို ပိတ်ထား…ချိန်မှတ် ရရင် လက်ညိုး လက်ကိုငြိမ်ငြိမ်ထား ဒါဆို ပစ်လို့ရပြီ။ မိခင်လဲ သားပြောတဲ့အတိုင်း မျက်လုံးတို့ လက်တို့နှင့် အလုပ်ရှုပ်သွားပါတယ်။  သေနတ်ကိုချ၍ သားအား ပွေ့ဖက်ထားပါ တော့တယ်။ 
          ငါ့သား မင်းဘယ်တော့များ အိမ်ထောင်ပြုမယ် စိတ်ကူးထားလဲ… ရှာလို့ကော တွေ့ပြီလား… အမေ့မှာ အထီးကျန်တယ်သားရယ် ငါ့သားနဲ့လည်း ခွဲနေရတယ် တစ်ခုခုဆို အမေ့မှာ တစ်ယောက်တည်း ဖြေရှင်းရတယ်… အကူညီလိုရင်လဲ ကိုယ့်သွေးသားလောက် ဘယ်သူကောင်းမလဲ သားရယ် ထိတ်လန့်မှုဖြစ်တဲ့ ညတွေ ဆိုလဲ အမေတစ်ယောက်ထဲပဲ သားရယ် ကောင်းကင်ကြီးကို ကြည့်ပြီး ငါ့သားရှိမဲ့ အရပ်ကို မှန်းဆနေခဲ့ရတဲ့ ညတွေ များပါပြီသားရယ် အမေနဲ့အတူ နေမပေးနိုင်ဘူးလား သားရယ်… အမေ့ကို မသနားဘူးလား။ 
         အဖွားအို စကားတွေ ပြောရင်းနှင့် တသွင်သွင် စီးဆင်းနေသောမျက်ရည်တို့သည် သားငယ်၏ ပုခုံးထက်သို့ စိုစွတ်လာပါတော့တယ်။ သားငယ် ဆို့နစ်ကြေကွဲမှုများနှင့် မိခင်အား တင်းကြပ်စွာ ဖက်ထားပါတော့တယ် ။ 
      အမေရယ် အချိန်တန်တော့ အမေလိုချင်တဲ့ မိသားစု ဘ၀ ဖြစ်လာမှာပါ။ ခုတော့ သားမလုပ်ပေးနိုင်သေးတာ ခွင့်လွှတ်ပါ အမေရယ်။ သားတို့မှာ တာဝန်တွေကိုယ်စီနဲ့ ရုန်းကန်နေရတယ် အမေ။ ဘ၀တွေက မသာယာဘူး… လိုချင်တဲ့ ပုံစံကို ပုံဖော်နိုင်တဲ့ ဘ၀တွေ မဟုတ်သေးဘူး အမေ…အမေနားလည်ပေးပါ သားတို့လုပ်နေရတာ ကလအားလုံးအတွက်ပါ အားလုံး ငြိမ်းချမ်းသာယာပြီဆို အမေ့ဆန္ဒတွေ ပြည့်ရပါစေမယ်… အမေ နားလည်ပေးပါနော် အမေ့ကို သားသိပ်ချစ်ပါတယ် အမေဘယ်လို ခံစားနေရမယ်ဆိုတာ သားခံစားပေးလို့ ရပါတယ်…အမေ။ သားအတွေးတွေမှာလဲ အမေအမြဲရှိနေပါတယ်။ 



           သားရဲ့ အခက်ခဲတွေကို အမေရဲ့ မေတ္တာဓါတ်တွေနဲ့ ဖြေရှင်း ပေးနေမယ်ဆိုတာလဲ သားအတွေးက အလိုလို သိနေပါတယ်အမေ သားအရမ်း ခက်ခဲကြမ်းတမ်းနေရင် အမေ့ကို သားတမ်းတလိုက်ပါတယ်… အဲဒီအခါ… သားမှာ အားအင်တွေ ဖြစ်လာတယ် အောင်မြင်လာတယ်အမေ…. အမေ့ကို သားအရမ်းချစ်တယ် အမေရယ်…။ 
             အမေအိုရဲ့ နဖူးပြင်ကို ဖွဖွလေး နမ်းနေပါတော့တယ်။ လာပါအမေရယ် ခုတွေ့နေရတာပဲ သားလဲ ကျန်းမာနေတာပဲ ကြည့်စမ်းပါအုံး အမေ့သား ဘယ်လောက်ထွားလာလဲ ဘယ်လောက် ခန့်ညားနေလဲ အမေ သေချာကြည့်ပါအုံးအမေရဲ့….။ 
        မိခင်အိုအား စိတ်ပြေလက်ပျောက်ဖြစ်စေအောင် အတွေးတို့ကို လွှဲယူလိုက်ပါတယ်။ မျက်ရည်စများကို သုတ်ရင်း… 
ဟုတ်တာပေါ့သားရယ် ငါ့သားက ယောင်္ကျား အရင့်မာကြီးကိုဖြစ်နေပါပြီ ဒါပေမဲ့သားရယ် အမေ့မျက်စိထဲမှာ အမေ့ရင်ကို ခေါင်းနဲ့ဝေ့ပြီး လိုချင်တာတွေ ပူဆာနေတဲ့ ကလေးလေးလိုပါပဲ ငါ့သားရဲ့ အပြုံးတို့ဟာလဲ အပြစ်ကင်းစင်ဆဲပါ ကလေးလေးပါသားရယ် အမေ့ရဲ့ ကလေးလေးပါပဲ သားရယ် … ။ 
        ငိုလိုက် ပြောလိုက် နမ်းလိုက်နှင့် အဖွားအို ၀မ်းနဲ ၀မ်းသာမှုများနှင့်…။ ဒီမှာလေ သား…သားကြိုက်တတ်တဲ့ မုန့်တွေ ယိုတွေ အမေယူလာတယ်…သားရဲ့ အမေ့ရှေ့မှ အားရပါးရ စားပြပါအုံး။ ဟာ…သိပ်ကြိုက်တာပေါ့ အမေရာ သား စားပြမယ် သားလဲ စားချင်နေတာနဲ့ အတော်ပဲ အမေ။ မိခင်စိတ်ချမ်းသာအောင် စားပြ နေပါတော့တယ်… တွေ့လားအမေ သား စားနိုင်တယ်နော် အမေ့ကို ကျေးဇူးတင်ပါတယ် အမေ။ အမေစိတ်ချမ်းသာတယ်မလား သား အကုန်စားပြစ်လိုက်မှာနော်..ဟဟ။ အမေလဲ စားအုံးလေ သား ခွံကျွေးမယ်နော် ပါးစပ်ဟ အကျယ်ကြီးဟ အများကြီးစားရမယ်နော်။ မိခင် စိတ်ပြေအောင် ဟာသနှော ပြောပေးနေသော သား…။ စားသောက်ပြီးသည်နှင့်… ကဲ အမေ သား လုပ်စရာတွေ ရှိသေးတယ် သား သွားလိုက်အုံးမယ် အမေနားနေနော် ပျော်အောင်နေ သားနဲ့ တွေ့နေတုန်းလေးမှာ စိတ်ညစ် စရာတွေ မတွေးနေနဲ့…. သားသွားပြီ အမေ ။ သားရဲ့ ကြောပြင်ကို ငေးကြည့်ရင် မျက်ရည်တို့သည်လည်း စီးဆင်းမြဲ စီးဆင်းလျှက်ပါ။
          ဒီလို သားမိနှစ်ယောက် စကားပြောလိုက် အလွမ်းသည်လိုက်နှင့် ၃ ရက်ဆိုသောရက်ကို ကျော်လွန်၍ ၄ ရက်မြောက်လာပါတော့သည်။ သားရဲ့ လေးလံသော ခြေလမ်းတို့ မိမိရှိရာ ဦးတည်လာနေသည်ကို ကြည့်ရင်း ဘယ်လိုတွေ ဖြစ်လာတော့မယ်ဆိုတာ ကြိုတင်သိသော မိခင်။ အတွေးများ မပျက်ခင်မှာဘဲ အနီးနားမှ ထွက်ပေါ်လာသော စကားသံ… အမေ နေကောင်းရဲ့လား။ မိခင်နေကောင်းမှန်းသိပါလျှက် ကောင်းမွန်သော စကားဦးနှင့် စတင်လိုက်ရပါတော့တယ်။ ကောင်းတယ်လေ သားရဲ့ သားမှာ ပြောစရာရှိနေတာ အမေက သိတယ်သားရဲ့ ပြောပြော အမေ ဘာမှ မဖြစ်ဘူး ပြောပါ။ ဟုတ်တယ် အမေ ပြောစရာ ရှိလာပြီ သားတို့ မနက်ဖြန် ရှေ့တန်း ထွက်ရတော့မယ် အမေ။  ဘယ်လောက်ကြာမယ်ဆိုတာ သားတို့ကိုယ်တိုင်လဲ မသိဘူး အမေ။ အမေပြန်ဖို့လည်း ပြင်ဆင်ပါတော့။ ထိုစကားများ ပြောလိုက်ပြီးသည်နှင့် တဲလေးရဲ့ ပြတင်းကို လက်ထောက်ပြီး အပြင်ကို ရီဝေစွာ ကြည့်နေပါတော့တယ်။ သားရဲ့ ခါးကိုဖက် ကြောပြင်ကို ပါးအပ်လို့ တုန်ရီစွာ ထွက်ပေါ်လာတော့ မိခင်အိုရဲ့ အသံ… ဟုတ်တာပေါ့ ငါ့သားကြီးရ စစ်သားရှေ့တန်းထွက်တာ အဆန်းမှ မဟုတ်တာ အမေနားလည်တယ်လေ သွား…သွား ငါ့သား … အမေ့အတွက် စိတ်အေးအေးထား အမေလည်း ပြန်မယ်လေသား …အမေလဲ နေကောင်းတယ် … ငါ့သားသာ ကျန်းမာရေး ဂရုစိုက် ဘုရားတရားမမေ့နဲ့ သားလက်အောက်က ကလေးတွေလဲ ကိုယ့်ညီရင်းလေးတွေလို ဂရုစိုက်ပါသားရယ် သူတို့က ငယ်သေးတယ်လေ…အမေ့ မျက်စိထဲမှာတော့ ကလေးလေးတွေပါပဲ သားရယ် သူတို့လေးတွေကိုလဲ သေချာ ပြောပြနော် သား။ ကဲ အမေလဲ အထုပ်တွေ ပြင်တော့မယ်နော် သား…။ ပြောပြောဆိုဆိုရင် တုန်ရီနေသောလက်အစုံ တို့က ပစ္စည်းအတိုအစများ ထုပ်ပိုးသိမ်းဆည်းနေပါတော့တယ်။ မိခင်ကို လှည့်မကြည့်ဘဲ အပြင်ကိုသာ ငေးမြဲ ငေးနေပါတယ်။ ထိုနေ့ညစာကို သားမိနှစ်ယောက် ခက်ခဲစွာ စားသုံးခဲ့ ကြပါတယ်။ တစ်ဦးကို တစ်ဦးလဲ စကားမပြောဘဲ တိတ်ဆိတ်နေပါတော့တယ်။ ကိုယ်စီ…ကိုယ်စီ အတွေးများနှင့် အိပ်ယာဝင်လိုက်ကြပါတယ်။ အာရုဏ်ဦး မှောင်ရီစမှာ ဆူညံသံတွေကြောင့် မိခင်အို နိုးလာပါတော့တယ်။ ချက်ချင်း ရှာခနဲ လှည့်ကြည့်မိတာကတော့ သားရဲ့ ကုတင်ဆီသို့…။ သူမ သိလိုက်ပါပြီ ရှေ့တန်းထွက်ရန် ပြင်ဆင်နေကြပါပြီ။ အဖွားအို ချက်ချင်း ကုတင်က ထလိုက်စဉ်ပင် သား ပြန်ဝင်လာသည်ကို မြင်လိုက်ပါတယ်။ ဟော…အမေနိုးပြီလား အမေ နေကောင်းတယ်နော် အိပ်ရေးကော ၀ ရဲ့လား အမေ…။ သိပြီးသော အကြောင်းရာတွေ ညက အိပ်မပျော်ကြသည်ကိုလဲ သိပါလျှက်နှင့် မိခင်ကို စကားကောင်းတွေ ပြောပေးနေသော သား ရဲ့ မျက်နှာကို စိုက်လို့ ကြည့်နေ မိပါတယ်။ အမေလုပ်လုပ် မျက်နှာသစ် အလှပြင်လေ အမေရ… ငါ့အမေကတော့ အမြဲတမ်းလှ နေတာပါပဲ ။ 
           လာလာ သား အမေ့ဆံပင်တွေ ရှင်းပေးမယ် ။ မိခင်ကလဲ အလိုက်သင့် နေပေးပါတယ် မည်သို့သော စကားမျှ မပြောဘဲ သားအလိုတိုင်း လိုက်လုပ်ပေးနေပါတယ်။ မိခင်ရဲ့ဆံနွယ်စတွေကို ဘီးလေးနဲ့ ယုယစွာ ဖြီးပေးနေရင် ဆံနွယ်စလေးတွေကို နမ်းရှိုက်နေပါတယ်။ ဆံပင်တွေ ရှင်းပေးပြီး မိခင်ကို နောက်က သိုင်းဖတ်ထားမိပြန်ပါတယ်။ မိခင်ကတော့ ငြိမ်သက်လျှက်ပါပဲ။ သားရဲ့ လက်တွေကို စုတ်ကိုင်ထားပါတယ်။ ကဲ သား…သားတို့ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေကြတယ် မလား ပစ္စည်းတွေ မကျန်စေနဲ့ သေချာလုပ်… သား သွားလုပ်တော့ အမေလဲ ဒီမနက်ဘဲ ပြန်မယ် ကဲ သွားသွား လုပ်ချေတော့။  
           အမေရဲ့ ခွင့်ပြုသံနှင့်အတူ စားချာလဲ ထွက်ခွာသွားပါတော့တယ်။ သားထွက်သွားသည်နဲ့ တဲလေးထဲကထွက်ပြီး ရှေ့တန်းထွက်ရန် ပြင်ဆင်နေသော စစ်သားများရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်နေပါတယ်။ အော်ကြ ဟစ်ကြ ၊ ပြေးလိုက် လွှားလိုက် မြင်ကွင်းမျိုးစုံကို ကြည့်နေပါတယ်။ သိပ်မကြာသော အချိန်အတွင်းမှာဘဲ ထွက်ခွာရန် အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ 
            မိခင် စိတ်မကောင်းမည်ကို သိသဖြင့် နုတ်မဆက်ဘဲ ထွက်ခွာတော့မည်ဟု ဆုံးဖြတ်၍ မိခင်ရှိရာကို ကျောပေးထားပြီး ကားပေါ်တက်နေရာ ယူထားလိုက်ပါတော့တယ် ။ သို့သော် ထိုသူသည် မိမိ၏ သားဖြစ်သည်ကို ချက်ချင်းသိလိုက်သူက “မိခင်အို” …။ အပြေးတစ်ပိုင်းလေးနဲ့ ကားနားသို့အရောက် သွားလိုက်ပါတယ်။ မိမိ၏ မိခင် ရောက်လာသည်ကို လည့်မကြည့်ဘဲ သိနေသူက “သား”။ သား အမေ့အတွက် စိတ်မပူနဲ့နော် သား စိတ်ဖြောင့်ဖြောင့်သွား… ဘုရားတရားမမေ့နဲ့ ကျန်းမာရေး ဂရုစိုက်….ဟူသော စကားများ မပြတ်တမ်း ပြောနေလေသည် ။ 
           သား သည်လဲ ရှေ့ကိုသာ ကြည့်မြဲ ကြည့်မြဲနေပါတော့တယ်။ သို့သော် မိခင်၏ တစ်ဖွဖွ  ပြောနေသော စကားတွေကြောင့် ထိန်းထားသော စိတ်တို့သည် ဘယ်လိုမှ ထိန်းမရသည့်အဆုံး ကားပေါ်မှ ခုန်ချလာပါတော့တယ်။ မိခင်ကို မျက်ရည်တွေ သုတ်ပေးရင် ပွေ့ဖက်လိုက်ပါတယ်။ အမေ့ကိုယ် အမေသာ နေကောင်းအောင်နေနော် သားအတွက် မပူနဲ့ သားက စစ်သားပါအမေရ သားအလုပ်တွေကို သားနားလည်တယ် အမေ မပူနဲ့နော် သားနေလဲကောင်းတယ် အချိန်တန်ရင် ပြန်လာမယ်နော် အမေ…သားနားမှာ အမေအမြဲတမ်းရှိနေတယ် အမေ…သားဘာမှမဖြစ်ဘူး အမေ…။ သားရဲ့စကားသံ တို့အောက်မှာ ခေါင်းကို တသွင်သွင် ငုံ့နေမိပါတယ်။ မျက်ရည်တို့သည် စီးဆင်းမြဲ စီးဆင်းဆဲပါ။ အေးပါသားရယ် အမေ့နားမှာလဲ သားအမြဲရှိပါတယ်… အမေ့ရဲ့ မေတ္တာဓါတ်တို့နဲ့ ငါ့သားပေါ် ကျရောက်လာမယ့် အန္တရယ်တို့သည်လည်း အဝေးကို လွင့်စင်ကုန်မှာပါသားရယ်…နေကောင်း ကျန်းမာအောင် အစစ အရာရာ ဂရုစိုက်ပါသား… ကဲကဲ…သွားတော့သား အမေ့တွက် မပူနေနဲ့…။ မိခင်၏ စကားအဆုံးမှာဘဲ ဒူးတုတ်ထိုင်ချလိုက်ပြီး လက်စုံမိုးလို့ မိခင်ရဲ့ ခြေဖမို့ပြင်ကို နဖူးနဲ့ အသာယာထိခါ ရှိခိုး ဦးတိုက်ပါတော့တယ်။ ကားစက်နိုးသံနှင့်အတူ သားငယ် ထရပ်လိုက် သည်တွင် မိခင်အိုကြီး ဆက်ခနဲ တုန်ယင်သွားမိပါတော့တယ်။ သို့သော် မိမိ၏သား သိသွားမည်  ဆိုးရိမ်သဖြင့် တဒင်္ဂ အတွင်းမှာဘဲ တည်ငြိမ်ရင့်ကျက်သော အသွင်နှင့် …မိခင်အို။ စားချာလဲ အင်္ကျီ  အတွင်းမှ picket ဦးထုပ်လေးကို နှိုက်ယူ၍ ဦးထုပ်ခြင်းလဲဆောင်းလိုက်ပြီး မိခင်အား ပြုံးပြလေသည် ။ ထို့နောက် ပြန်လည် ချွတ်လိုက်ပြီး picket ဦးထုပ်လေးအား နမ်းလိုက်ပြန်သည်။ ဦးထုပ်လေးကို ယူ၍ မိခင်အား ဆောင်းပေးပြီး…. အမေ့အတွက် သားပိုင်တဲ့ သားရဲ့ လက်ဆောင်ပါ အမေ....။ 
          မိခင်လဲ ဦးထုပ်လေးကို ကိုင်ထားလျှက်… ကျေးဇူးပါပဲ ငါ့သားရယ် အမေသိမ်းထားပါ့မယ်…ကဲ သားကြီး သွားတော့ နောက်ကျလိမ့်မယ်။ မိခင်၏ စကားအဆုံး ချက်ခြင်း ကားပေါ်သို့ တက်သွားပါ တော့တယ်။  ကားတန်းကြီး ထွက်သွားသည်ကို မလှုပ်မရှက် ရပ်ကြည့်နေသည့် မိခင်အို… အလိပ်လိပ် ထွက်နေသော ဖုန်လုံးကြီးများနှင့်… တသွင်သွင်စီးဆင်းနေသော မျက်ရည်စများနှင့် ဆူညံသံတွေ တိတ်ဆိတ် သွားသည်အထိ ရပ်နေမိသည့် မိခင်အိုနှင့် ရှေ့တန်းစစ်မြေပြင်မှ သားတို့သည် မည်သည့်အချိန်များမှ ပြန်လည် ဆုံဆည်းနိုင်မည်ကို ဘုရားရှင်မှ လွဲ၍ မည်သူမျှ….



ရှင်းသန့် 9.02.2011