Шаблоны для Blogger.com

စိတ်ကူးတို့၏ တစ်စုံတစ်ရာ

- Another Blogger Blog's




အပူချိန်ပြင်းပြင်းပူနေတဲ့ နေမင်းကြီးရဲ့အောက်မှာ တောရွာများကို ပြေးဆွဲနေတဲ့ လိုင်းကား အဟောင်းအိုကြီးတစ်စီး တစ်ရွာပြီး တစ်ရွာ ပြေးလွှားနေပါတယ်။ ရထားလမ်း ဆက်ကူးနိုင်သော ရွာတစ်ရွာသို့ ကားအိုကြီး ထိုးရပ်လိုက်သောအခါ အသက် ၆၀ ခန့် အဖွားအို တစ်ယောက် လက်ဆွဲအထုပ်ဟောင်းလေး ဆွဲလျှက် ကားပေါ်မှ ဆင်းလာပါတယ်။ ကားထွက်သွားသည်နှင့် ဖုန်လုံးကြီးများ ထကျန်ခဲ့ပါတော့တယ်။ မလှုပ်မယှက် ရပ်ကြည့်နေသော ရီဝေေ၀ မျက်ဝန်းပိုင်ရှင်… အလက်ဇန်းဒရား ။ အိုး… အရမ်းပူပြင်းတဲ့ အရပ်ဒေသပါလား… သစ်ပင်သစ်ရွက်တို့ နည်းပါမှုကြောင့်လား ရာသီဥတုကြောင့်လား နှင့် တွေးတောနေရင်းမှ သတိဝင်လာမိပါတော့တယ် ။
          ဟေး… လူလေး အဖွားကို ကူပါအုံး..။ လူငယ်လေး နှစ်ယောက် ကူညီဖို့လာစဉ်မှာဘဲ စစ်သားငယ်လေး နှစ်ယောက် ဖြတ်လျှောက်သွားသည်ကို အဖွားအို မြင်လိုက်သည်တွင် … ရပြီလူလေးတို့ နေနေ… ဟိုး…မောင်စစ်သားတို့ အဖွားကို ကူပါအုံး…။ စစ်သားငယ်လေး နှစ်ယောက်အပြေးတစ်ပိုင်း လာကြပါတယ် ။ ဒီလောက်လမ်းကြမ်းထဲ အဖွားတစ်ယောက်ထဲလား ဘယ်သူ့ဆီ လာတာလဲ ဘယ်သွားမှာလဲ….ဟူသောမေးခွန်းများကြားသောအခါ အဖွားအိုက မင်းတော်တော် စကားများတာပါလား … ငါပြောမှာလဲ နားထောင်အုံး အမောင် …ငါ ဗိုလ်ကြီးစားချာဆီ လာတာ ။ အဖွားအိုသည် ခါးကို မတ်မတ်ရပ် ခပ်တင်းတင်း မျက်နှာအနေထားဖြင့် ပြောလိုက်ပါတယ် ။ သူမ၏ အမူယာတို့သည် ဂုဏ်ယူသော မျက်နှာထား အမူယာတို့ ဖြစ်နေ ပေသည်။ ဟာ အဖွား ဗိုလ်ကြီးက ရှေ့တန်းအထိုင်စခန်း တစ်ခုမှာ တာဝန်ကျနေတယ်လေ အဖွားမသိဘူးလား ။ အေး သိတယ် သူရှိတဲ့နေရာကို ငါဆက်သွားမှာ…။ အဖွားရယ် ခုတောင် လမ်းဒီလောက် ကြမ်းတာ အဖွားက ဆက်သွားမယ်ဆို အရမ်းပင်ပမ်းနေမှာပေါ့ ။ ငါ စစ်သားအမေပါ အမောင် ဒီလောက်တော့ ငါ ခံနိုင်တယ် ငါ့သားနဲ့တွေ့ဖို့ အဓိကကြတယ်… ကဲ အချိန်မရှိဘူး လာကူကြ ။ စစ်သားလေးသည် အဖွားအိုရဲ့ အထုပ်ကို သယ် တစ်ယောက်က အဖွားအိုကို တွဲတာ အဖွားအိုသည် အတွဲမခံဘူး…။ ရတယ် အမောင် ငါ လျှောက်နိုင်သေးတယ် ။ သုံးယောက်သား အမြန်လျှောက်လာရာ တောရွာ ဘူတာလေး သို့ရောက်သည်နှင့် ထိုရှေ့တန်း အထိုင်စခန်းဘက်သို့ ဆက်သွားမည့် ရထားအဟောင်းကြီးက ကြိုဆိုလျှက် ။ 
         ကဲ အဖွား ဒီရထားနဲ့ ဆက်လိုက်သွားရမယ် ဒီမှာ ဗိုလ်ကြီးရှိတဲ့ တပ်ကို သွားမဲ့ စစ်သားတွေ တပ်ကြပ်ကြီးတွေ ရှိတယ် သူတို့နဲ့ အတူ အဖွားလိုက်သွားပေတော့ ။ အေးအေး ကျေးဇူးပါ အမောင်တို့် …ဘုန်းကြီးလို့ အသက်ရှည်ပါစေ… အဖွားအိုမှ ဆုများတောင်းပေးနေတုံးမှာဘဲ … ။ စစ်သားငယ်က … ဆရာကြီး ဒီအဖွားကို ဆရာကြီးတို့နဲ့အတူ ခေါ်သွားလိုက်ပါ ။ ဟာ ဒီလောက်လမ်းကြမ်းတာ သူက ဘာလုပ်မှာလဲ ဘာလဲကွာ ……စိတ်မရှည်သော ဆရာကြီး၏ လေသံအချို့….။ အဖွားက ဗိုလ်ကြီးစားချာ ဆီကို လိုက်မှာတဲ့ ဆရာကြီးရ ခေါ်သွားလိုက်ပါ ။ အေးကွာ ဒါဆိုလဲ တင်လိုက်ကြ ။ ဆွဲတင်ကြသောအခါ အဖွားအိုက … ရတယ် အမောင်တို့ ငါ့ဖာသာ ငါတတ်မယ်…။ မဟုတ်ဘူး အဖွားရ ပြုတ်ကျမှာဆိုးလို့ လုပ်ပါ အဖွားရာ ကြာပါတတ် ဆွဲတတ်လိုက်ပါ ။ ထိုသို့ ၀ိုင်းပြောကြသည်တောင် အဖွားအိုက အေးဆွဲမှာဆိုလဲ ဂရုတစိုက်ဆွဲပေးကြပါ။ အဖွားအို၏ စိတ်တွင် မိမိသားအတွက် ဂုဏ်ယူမှုများ ၀မ်းသာမှုများနှင့် အပြည့်ဖြစ်နေပေလိမ့်မည် ။ အဖွားအို တံခါးပေါက်လေးနား ရပ်ကြည့်နေစဉ်မှာဘဲ ရထားက စတင်ထွက်ခွာလာပါတော့တယ် ။ မည်သူမှ အဖွားအိုကို စကားမပြောကြပါ ။ မိမိတို့ အတွေးများနှင့် စိတ်ကူးများနှင့် … ရှေ့တန်းပါလာကြသော စစ်သားတို့၏ စိတ်တွင်းခံစားမှုတို့သည် မည်သို့ မည်ပုံ ဖြစ်နေမည် တွေးနေမည် ခံစားနေမည်ကို ကျွန်တော် မထွက်ဘူးသဖြင့် အပြည့်အ၀ မသိပါ။ ခံစားမှုအရိပ်ယောင်တွေ လွမ်းဆွေးမှုတွေ ထင်ဟပ်နေတဲ့ မျက်နှာတွေကို အဖွားအို သေရှာ  စိုက်ကြည့်နေရင်း သနားကြင်နာမှုတွေ ပေါ်လာပါတယ်။ အဖွားအိုရဲ့ မျက်စိထဲမှာ သူတို့လေးတွေဟာ အပြစ်ကင်းနေသလိုပဲ။ တချို့တွေက ခေါင်းငိုက်စိုက် ချထားကြတယ် တစ်ချို့တွေက အပြင်ကို ငေးနေကြတယ်။ တစ်ချို့တွေက အဖွားအိုကို ကြည့်နေကြတယ်။ အဖွားအိုက သူ့ကို စိုက်ကြည့်သော စစ်သားငယ်လေးခေါင်းကို သွားကိုင်၍ သားခေါင်းက ဘာဖြစ်တာလဲ ခေါင်းမူးလို့လား၊ နောက်တစ်ယောက်ကိုလဲ နေကောင်းလား၊ ဗိုက်ဆာလား၊ အဆင်ပြေလားနဲ့ အဖွားအို လိုက်လံ နှုတ်ဆက်နေပါတော့တယ်။ တချို့က ပြန်ဖြေကြသလို တစ်ချို့က ပြန်လည် ဖြေကြားခြင်းမရှိ ဆက်လက် တွေးဆဲ ဆွေးဆဲပါ။ အဖွားအိုလဲ နေရာလွတ်လေးမှာ ၀င်ထိုင်ရင်း စစ်သားငယ်လေး တွေရဲ့ မျက်နှာကို ငေးကြည့်နေပါတော့တယ်။ ငိုက်လိုက် နိုးလိုက်နှင့် ခရီးနှင်ခဲ့တာ အလင်းရောင်တွေ ပျောက်ကွယ်၍ မှောင်မဲနေပါပြီ။ မိမိတို့ ဆင်းလိုသော နေရာသို့ ရောက်သောအခါ စစ်သားငယ်လေးများ ဆရာကြီးများနှင့်အတူ အဖွားအိုပါ ဆင်းလိုက်ကြပါတယ်။ 


          ထိုစဉ် အရှေ့မှ ထိုးလိုက်သော မီးရောင်ကြောင့် အဖွားအို လန့်သွားပါတော့တယ်။ အမှောင်ထဲမှာ မြင်လိုက်ရသော မီးဖွေးဖွေးများ…တင့်ကား နှစ်စီး ဖြစ်ပါတယ်။ ကဲ အဖွားရေ ဒီကားနဲ့ ရှေ့ဆက်စီးရအုံးမယ်… လမ်းခရီးကတော့ တွေ့တဲ့အတိုင်းပဲ… ကဲ..အဖွားလဲ တက်ရမယ်။ ဟင် ဒီကားကြီးတွေနဲ့လား ဘယ်လို ထိုင်မလဲ….။ ကဲ အဖွားရေ ပြောနေရင် ကြာတယ် အချိန်မရှိဘူး  တက်…တက် ဟူသော ပြောဆိုနေသံကြားမှာ အဖွားအိုကို စစ်သားငယ်လေး ၂ ယောက်တွဲ၍ တင့်ကားကြီးပေါ်သို့ တစ်ဆင့်ခြင်း တင်ပေးနေပါတော့တယ်။ ဟဲ့…ဂရုတစိုက်လုပ်ကြပါ ဖြည်းဖြည်း ဆွဲပါ နှင့် အော်နေစဉ်မှာဘဲ အဖွားအို တင့်ကားကြီးပေါ်သို့ ရောက်ရှိသွားပါတယ်။ ကားမီးရောင်မှ မြင်လိုက်ရသော ဖုန်လုံးများနှင့် ဘေးဘီဝဲယာမှ အမှောင်ထုများမှ အပ မည်သည်ကိုမှ မမြင်ရ။ အဖွားအို၏ လက်တို့သည် သံတိုင်သံချိတ်များသို့ မြဲမြံစွာ ဆွဲထားလျှက် ငိုက်လိုက် သတိထားလိုက် ငိုက်လိုက်နှင့် မိုးလင်းစ ပြုလာပါတော့တယ်။ သိပ်မကြာခင် မှာဘဲ သံစည်းရိုးများ ငုတ်တိုင်ကြီးများနှင့် သွားလိုသော စခန်းမြေသို့ ရောက်ရှိလာပါတော့တယ်။ ကဲ အဖွားရောက်ပြီ ကျွန်တော့်ကို တွဲဆင်းပါ။ အောက်သို့ရောက်သည်နှင့် အဖွားအိုအား အရာရှိရွက်ဖျင်တဲလေးဘက်သို့ ခေါ်ဆောင်ခဲ့ပါတယ်။ အဖွားရေ… ဒီမှာ ဗိုလ်ကြီးစားချာရဲ့ နေရာပဲ အဖွားဒီမှာနေ ။ ဟေ ငါ့သားကြီး ဗိုလ်ကြီးစားချာ ကကော သူက ဘယ်မှာလဲ သူမရှိသေးဘူး…အဖွား မနက်မှ ပြန်ရောက်မယ်။ ကဲ…အဖွားနားလိုက်အုံး ဒီကုတင်မှာ အိပ်နေနော် သွားပြီ အဖွားရေ လုပ်စရာတွေ ရှိသေးလို့ နောက်မှ ဆုံမယ်…ဟု ပြောပြီး ဆရာကြီး ထွက်ခွာသွားပါတယ် ။ အဖွားအိုလဲ ဟိုကြည့် ဒီကြည့်နှင့် ၀ိုးတ၀ါးမို့ သဲသဲကွဲကွဲ မမြင်ရဘဲ အိပ်စက်လိုက်ပါတယ်။ 
         အိပ်ယာ နိုးသည်နှင့် အဖွားအို ထ၍ အပေါက်ငယ်လေးမှ အပြင်သို့ ကြည့်နေစဉ်မှာ လန့်နိုးလာသော ဗိုလ်ကြီးစားချာ မိခင်၏ကြောပြင်ကို ကြည့်၍ ပျော်ရွှင်မှု ကျေနပ်မှု ၀မ်းသာမှု နှစ်လိုမှု များစွာ နှင့် စိုက်ငေးကြည့်နေလေသည်။ သို့သော် အဖွားအို မသိသေးချေ။ စားချာလဲ မပြောဘဲ ပြုံးမြဲ ပြုံးဆဲ … အဖွားအို ဆက်ကနဲ လည့်အကြည့်………အား စားချာ သား ဟု အော်ရင်း စားချာဆီ အပြေးတပိုင်း လာခဲ့ပါတော့တယ်။ သားမိနှစ်ယောက် ပြေးဖက်ကြရင်း အော်ဟစ်ရင်း…။ 



             ငါ့သားကြီးက အရပ်ကြီး ပိုမြင့်လာတယ် ခန့်တယ် ယောင်္ကျားပီသတယ် နှင့် သားကို အမွန်းတင်နေသော အမေရဲ့ စကားသံများနှင့် နံနက်ခင်းဟာ ပိုလှနေပါတော့တယ်။ သား..မင်း ပေပွနေတာပါလားကွ မုတ်ဆိတ်တွေကော… အ၀တ်တွေလဲ ပေကျံနေပါလား ငါ့သား သန့်ရှင်းရေးလုပ်အုံး မုတ်ဆိတ်တွေလဲ သွားရိတ် ပြီးရင် အမေတို့ စကားတွေအများကြီး တ၀ကြီး ပြောကြမယ် သွား…သွား မြန်မြန်သွားလုပ်။စားချာ ပြေးထွက်သွားပါတော့တယ်။ ပြန်လာသည်နှင့် သားရဲ့လှုပ်ရှားမှုတွေကို ကြည့်ရင်း ပီတိအပြုံးများနှင့် မိခင်အိုရဲ့ မျက်နှာ….၊ ငါ့သား မင်းကြောပြင်ကြီး ကြီးလာတယ် ပိန်လဲမသွားဘူး ကြည့်ကောင်းတယ် ဘာတယ် ညာတယ်နဲ့ သားကို လိုက်ကြည့်ပြောနေသော အမေ့စကားသံ….။  ကဲ အမေအကုန်ပြီးပြီ အမေ လာလမ်းလျှောက်ရင်း စကားပြောကြမယ်။ သားမိနှစ်ယောက် လက်ခြင်းချိတ်၍ ဖုန်လမ်းလေးအတိုင်း လျှောက်နေရင်း အမေ့လမ်းမှာ တအားပင်ပန်းခဲ့မှာပေါ့နော်။ ရပါတယ် သားရယ် ငါ့သားနဲ့တွေ့ဖို့လာရတာပဲ မပင်ပန်းပါဘူး ခုအမေ့သားကြီးမျက်နှာလဲ မြင်လိုက်ရော ပင်ပန်းတာတွေ ပျောက်ကုန်ပါပြီ သားရယ်။ ပြေးလွှားလှုပ်ရှားနေသော သူများ ပစ္စည်းများ သယ်နေသော သူများ အော်ဟစ်ကြိမ်းမောင်းသံများ နှင့် စစ်တပ်သဘာဝတို့နှင့်….။ ကဲအမေ ဒါ သားတို့ စစ်သား ဘ၀တွေပါပဲ အမေလဲ သိသင့် သလောက်သိမယ် ကြားဖူးမယ် ခုတော့ လက်တွေ့မြင်ပြီမလားအမေ ဘယ်လိုလဲ အမေ… အမေ ကျေနပ်ရဲ့လား…။ သားရဲ့ လက်ကိုချိတ်ထားရင်း သားရဲ့ မျက်နှာကို မော့ကြည့်ပြီး ကျေနပ်တယ် သား….။ ဒါမှ အမေ့သား နိုင်ငံရဲ့သား အားလုံးရဲ့သား အမေကျေနပ်ပါတယ်သား ငါ့သားတို့ ဟာ လူတော်တွေပါ….။ ဟောဟိုက ဘာလုပ်နေတာလဲ…သား၊ အဲဒါ သေနတ်ကို သန့်ရှင်းရေး လုပ်နေတာ အမေ လိုအပ်တာတွေ ပြင်ဆင်နေတာပေါ့ ရှေ့တန်းမှာ အဆင်ပြေအောင်လို့ လုပ်နေရတာ အမေ ။ အေးကွယ် အမေကြည့်ချင်တယ်…။ ဟာ… အမေကလဲ အဲဒါ အဓိက မကျပါဘူး။ အမေ့အတွက်တော့ အဓိက ကျတယ်သား ငါ့သားတစ်ယောက်လုံး စစ်တပ်မှာ ရှိတာ သေနတ်တွေကို မြင်ဘူး သင့်တယ် သိသင့်တယ်လို့ အမေထင်တယ် လာပါ သားရယ် အမေ့ကို လိုက်ပြပါ…။
          စစ်သားငယ်လေးများ သေနတ်များကို တိုက်ချွတ်နေကြတယ် ဆီများထိုးနေကြသည်ကို ပြုံးပြုံးကြီးနဲ့ အဖွားအို ကြည့်နေလေရဲ့။ ထိုစစ်သားငယ်လေးများကိုလဲ လိုက်လံ မိတ်ဆက်စကားတွေ ပြောနေရှာ၏။ စစ်သားငယ်လေးများလဲ ၀မ်းသာနေကြပါတယ်။ မိခင်ကို အလွမ်းပြေစိတ် သတိရစိတ် ဒီလိုနေရာမျိုးမှာ ကိုယ့်မိခင်အရွယ်ကို တွေ့ရသောစိတ်တွေနှင့် ပျော်နေကြပါတယ်။ ဟိုး…ရှေ့က ဘာတဲလေးတွေလဲ သား…။ အဲဒါ စားဖိုတဲလေးတွေ အမေ လာလာ အဲဒီဘက်ကို လိုက်ပြမယ်။ မင်္ဂလာပါ သားတို့... အဖွားအို၏ နုတ်ဆက်သံ။ အဖွားနေကောင်းလား အဆင်ပြေလား ဘာစားချင်လဲ ဟူသော အသံများစွာနှင့် အဖွားအို၏ လမ်းခရီးကြမ်းတမ်းမှုများကို မေ့လျော့ပြီး အဆင်ပြေတယ် နေကောင်းတယ်နဲ့ ဆူညံသွားပါတော့တယ်။ ကဲ…အမေ ပြန်နားကြမယ်..။ 
အမေက ကြည့်ချင်သေးတယ်..သားရယ်။ နောက်ရက်တွေမှ ဆက်ကြည့်ပါ အမေလဲ ပင်ပန်းလာတာနဲ့ လာပါ နားလိုက်ပါအုံး…။ 
အတင်းဆွဲခေါ်လာရပါတယ်။ အိပ်ဆောင်တဲလေးထဲ ရောက်ရှိသည်နှင့် အဖွားအို မျက်လုံးတို့သည် သား၏ ခါးမှာထိုးထားတဲ့ သေနတ်တို့ဆီ ရောက်နေလေသည်။ 
သား ကလဲ မိခင်၏ အကြည့်တို့ကို နားလည်သည့်ဟန်ဖြင့်… အမေက သားသေနတ်ကို ကိုင်ကြည့်ချင်နေတာလား … လေးတယ်နော် အမေ…ဟုပြောပြီး သေနတ်ကို ထုတ်ပေးလိုက်ပါတော့တယ်။ သား… အမေ့ကို ပစ်နည်းတွေ ပြပေးပါလား သား ကျည်ဆံတော့ မပါစေနဲ့ပေါ့ ။ ဟုတ်ကဲ့အမေ ။ ကဲ အမေ ဒီကနေ ရှေ့ကိုကြည့် မျက်လုံးတစ်ဖက်ကို ပိတ်ထား…ချိန်မှတ် ရရင် လက်ညိုး လက်ကိုငြိမ်ငြိမ်ထား ဒါဆို ပစ်လို့ရပြီ။ မိခင်လဲ သားပြောတဲ့အတိုင်း မျက်လုံးတို့ လက်တို့နှင့် အလုပ်ရှုပ်သွားပါတယ်။  သေနတ်ကိုချ၍ သားအား ပွေ့ဖက်ထားပါ တော့တယ်။ 
          ငါ့သား မင်းဘယ်တော့များ အိမ်ထောင်ပြုမယ် စိတ်ကူးထားလဲ… ရှာလို့ကော တွေ့ပြီလား… အမေ့မှာ အထီးကျန်တယ်သားရယ် ငါ့သားနဲ့လည်း ခွဲနေရတယ် တစ်ခုခုဆို အမေ့မှာ တစ်ယောက်တည်း ဖြေရှင်းရတယ်… အကူညီလိုရင်လဲ ကိုယ့်သွေးသားလောက် ဘယ်သူကောင်းမလဲ သားရယ် ထိတ်လန့်မှုဖြစ်တဲ့ ညတွေ ဆိုလဲ အမေတစ်ယောက်ထဲပဲ သားရယ် ကောင်းကင်ကြီးကို ကြည့်ပြီး ငါ့သားရှိမဲ့ အရပ်ကို မှန်းဆနေခဲ့ရတဲ့ ညတွေ များပါပြီသားရယ် အမေနဲ့အတူ နေမပေးနိုင်ဘူးလား သားရယ်… အမေ့ကို မသနားဘူးလား။ 
         အဖွားအို စကားတွေ ပြောရင်းနှင့် တသွင်သွင် စီးဆင်းနေသောမျက်ရည်တို့သည် သားငယ်၏ ပုခုံးထက်သို့ စိုစွတ်လာပါတော့တယ်။ သားငယ် ဆို့နစ်ကြေကွဲမှုများနှင့် မိခင်အား တင်းကြပ်စွာ ဖက်ထားပါတော့တယ် ။ 
      အမေရယ် အချိန်တန်တော့ အမေလိုချင်တဲ့ မိသားစု ဘ၀ ဖြစ်လာမှာပါ။ ခုတော့ သားမလုပ်ပေးနိုင်သေးတာ ခွင့်လွှတ်ပါ အမေရယ်။ သားတို့မှာ တာဝန်တွေကိုယ်စီနဲ့ ရုန်းကန်နေရတယ် အမေ။ ဘ၀တွေက မသာယာဘူး… လိုချင်တဲ့ ပုံစံကို ပုံဖော်နိုင်တဲ့ ဘ၀တွေ မဟုတ်သေးဘူး အမေ…အမေနားလည်ပေးပါ သားတို့လုပ်နေရတာ ကလအားလုံးအတွက်ပါ အားလုံး ငြိမ်းချမ်းသာယာပြီဆို အမေ့ဆန္ဒတွေ ပြည့်ရပါစေမယ်… အမေ နားလည်ပေးပါနော် အမေ့ကို သားသိပ်ချစ်ပါတယ် အမေဘယ်လို ခံစားနေရမယ်ဆိုတာ သားခံစားပေးလို့ ရပါတယ်…အမေ။ သားအတွေးတွေမှာလဲ အမေအမြဲရှိနေပါတယ်။ 



           သားရဲ့ အခက်ခဲတွေကို အမေရဲ့ မေတ္တာဓါတ်တွေနဲ့ ဖြေရှင်း ပေးနေမယ်ဆိုတာလဲ သားအတွေးက အလိုလို သိနေပါတယ်အမေ သားအရမ်း ခက်ခဲကြမ်းတမ်းနေရင် အမေ့ကို သားတမ်းတလိုက်ပါတယ်… အဲဒီအခါ… သားမှာ အားအင်တွေ ဖြစ်လာတယ် အောင်မြင်လာတယ်အမေ…. အမေ့ကို သားအရမ်းချစ်တယ် အမေရယ်…။ 
             အမေအိုရဲ့ နဖူးပြင်ကို ဖွဖွလေး နမ်းနေပါတော့တယ်။ လာပါအမေရယ် ခုတွေ့နေရတာပဲ သားလဲ ကျန်းမာနေတာပဲ ကြည့်စမ်းပါအုံး အမေ့သား ဘယ်လောက်ထွားလာလဲ ဘယ်လောက် ခန့်ညားနေလဲ အမေ သေချာကြည့်ပါအုံးအမေရဲ့….။ 
        မိခင်အိုအား စိတ်ပြေလက်ပျောက်ဖြစ်စေအောင် အတွေးတို့ကို လွှဲယူလိုက်ပါတယ်။ မျက်ရည်စများကို သုတ်ရင်း… 
ဟုတ်တာပေါ့သားရယ် ငါ့သားက ယောင်္ကျား အရင့်မာကြီးကိုဖြစ်နေပါပြီ ဒါပေမဲ့သားရယ် အမေ့မျက်စိထဲမှာ အမေ့ရင်ကို ခေါင်းနဲ့ဝေ့ပြီး လိုချင်တာတွေ ပူဆာနေတဲ့ ကလေးလေးလိုပါပဲ ငါ့သားရဲ့ အပြုံးတို့ဟာလဲ အပြစ်ကင်းစင်ဆဲပါ ကလေးလေးပါသားရယ် အမေ့ရဲ့ ကလေးလေးပါပဲ သားရယ် … ။ 
        ငိုလိုက် ပြောလိုက် နမ်းလိုက်နှင့် အဖွားအို ၀မ်းနဲ ၀မ်းသာမှုများနှင့်…။ ဒီမှာလေ သား…သားကြိုက်တတ်တဲ့ မုန့်တွေ ယိုတွေ အမေယူလာတယ်…သားရဲ့ အမေ့ရှေ့မှ အားရပါးရ စားပြပါအုံး။ ဟာ…သိပ်ကြိုက်တာပေါ့ အမေရာ သား စားပြမယ် သားလဲ စားချင်နေတာနဲ့ အတော်ပဲ အမေ။ မိခင်စိတ်ချမ်းသာအောင် စားပြ နေပါတော့တယ်… တွေ့လားအမေ သား စားနိုင်တယ်နော် အမေ့ကို ကျေးဇူးတင်ပါတယ် အမေ။ အမေစိတ်ချမ်းသာတယ်မလား သား အကုန်စားပြစ်လိုက်မှာနော်..ဟဟ။ အမေလဲ စားအုံးလေ သား ခွံကျွေးမယ်နော် ပါးစပ်ဟ အကျယ်ကြီးဟ အများကြီးစားရမယ်နော်။ မိခင် စိတ်ပြေအောင် ဟာသနှော ပြောပေးနေသော သား…။ စားသောက်ပြီးသည်နှင့်… ကဲ အမေ သား လုပ်စရာတွေ ရှိသေးတယ် သား သွားလိုက်အုံးမယ် အမေနားနေနော် ပျော်အောင်နေ သားနဲ့ တွေ့နေတုန်းလေးမှာ စိတ်ညစ် စရာတွေ မတွေးနေနဲ့…. သားသွားပြီ အမေ ။ သားရဲ့ ကြောပြင်ကို ငေးကြည့်ရင် မျက်ရည်တို့သည်လည်း စီးဆင်းမြဲ စီးဆင်းလျှက်ပါ။
          ဒီလို သားမိနှစ်ယောက် စကားပြောလိုက် အလွမ်းသည်လိုက်နှင့် ၃ ရက်ဆိုသောရက်ကို ကျော်လွန်၍ ၄ ရက်မြောက်လာပါတော့သည်။ သားရဲ့ လေးလံသော ခြေလမ်းတို့ မိမိရှိရာ ဦးတည်လာနေသည်ကို ကြည့်ရင်း ဘယ်လိုတွေ ဖြစ်လာတော့မယ်ဆိုတာ ကြိုတင်သိသော မိခင်။ အတွေးများ မပျက်ခင်မှာဘဲ အနီးနားမှ ထွက်ပေါ်လာသော စကားသံ… အမေ နေကောင်းရဲ့လား။ မိခင်နေကောင်းမှန်းသိပါလျှက် ကောင်းမွန်သော စကားဦးနှင့် စတင်လိုက်ရပါတော့တယ်။ ကောင်းတယ်လေ သားရဲ့ သားမှာ ပြောစရာရှိနေတာ အမေက သိတယ်သားရဲ့ ပြောပြော အမေ ဘာမှ မဖြစ်ဘူး ပြောပါ။ ဟုတ်တယ် အမေ ပြောစရာ ရှိလာပြီ သားတို့ မနက်ဖြန် ရှေ့တန်း ထွက်ရတော့မယ် အမေ။  ဘယ်လောက်ကြာမယ်ဆိုတာ သားတို့ကိုယ်တိုင်လဲ မသိဘူး အမေ။ အမေပြန်ဖို့လည်း ပြင်ဆင်ပါတော့။ ထိုစကားများ ပြောလိုက်ပြီးသည်နှင့် တဲလေးရဲ့ ပြတင်းကို လက်ထောက်ပြီး အပြင်ကို ရီဝေစွာ ကြည့်နေပါတော့တယ်။ သားရဲ့ ခါးကိုဖက် ကြောပြင်ကို ပါးအပ်လို့ တုန်ရီစွာ ထွက်ပေါ်လာတော့ မိခင်အိုရဲ့ အသံ… ဟုတ်တာပေါ့ ငါ့သားကြီးရ စစ်သားရှေ့တန်းထွက်တာ အဆန်းမှ မဟုတ်တာ အမေနားလည်တယ်လေ သွား…သွား ငါ့သား … အမေ့အတွက် စိတ်အေးအေးထား အမေလည်း ပြန်မယ်လေသား …အမေလဲ နေကောင်းတယ် … ငါ့သားသာ ကျန်းမာရေး ဂရုစိုက် ဘုရားတရားမမေ့နဲ့ သားလက်အောက်က ကလေးတွေလဲ ကိုယ့်ညီရင်းလေးတွေလို ဂရုစိုက်ပါသားရယ် သူတို့က ငယ်သေးတယ်လေ…အမေ့ မျက်စိထဲမှာတော့ ကလေးလေးတွေပါပဲ သားရယ် သူတို့လေးတွေကိုလဲ သေချာ ပြောပြနော် သား။ ကဲ အမေလဲ အထုပ်တွေ ပြင်တော့မယ်နော် သား…။ ပြောပြောဆိုဆိုရင် တုန်ရီနေသောလက်အစုံ တို့က ပစ္စည်းအတိုအစများ ထုပ်ပိုးသိမ်းဆည်းနေပါတော့တယ်။ မိခင်ကို လှည့်မကြည့်ဘဲ အပြင်ကိုသာ ငေးမြဲ ငေးနေပါတယ်။ ထိုနေ့ညစာကို သားမိနှစ်ယောက် ခက်ခဲစွာ စားသုံးခဲ့ ကြပါတယ်။ တစ်ဦးကို တစ်ဦးလဲ စကားမပြောဘဲ တိတ်ဆိတ်နေပါတော့တယ်။ ကိုယ်စီ…ကိုယ်စီ အတွေးများနှင့် အိပ်ယာဝင်လိုက်ကြပါတယ်။ အာရုဏ်ဦး မှောင်ရီစမှာ ဆူညံသံတွေကြောင့် မိခင်အို နိုးလာပါတော့တယ်။ ချက်ချင်း ရှာခနဲ လှည့်ကြည့်မိတာကတော့ သားရဲ့ ကုတင်ဆီသို့…။ သူမ သိလိုက်ပါပြီ ရှေ့တန်းထွက်ရန် ပြင်ဆင်နေကြပါပြီ။ အဖွားအို ချက်ချင်း ကုတင်က ထလိုက်စဉ်ပင် သား ပြန်ဝင်လာသည်ကို မြင်လိုက်ပါတယ်။ ဟော…အမေနိုးပြီလား အမေ နေကောင်းတယ်နော် အိပ်ရေးကော ၀ ရဲ့လား အမေ…။ သိပြီးသော အကြောင်းရာတွေ ညက အိပ်မပျော်ကြသည်ကိုလဲ သိပါလျှက်နှင့် မိခင်ကို စကားကောင်းတွေ ပြောပေးနေသော သား ရဲ့ မျက်နှာကို စိုက်လို့ ကြည့်နေ မိပါတယ်။ အမေလုပ်လုပ် မျက်နှာသစ် အလှပြင်လေ အမေရ… ငါ့အမေကတော့ အမြဲတမ်းလှ နေတာပါပဲ ။ 
           လာလာ သား အမေ့ဆံပင်တွေ ရှင်းပေးမယ် ။ မိခင်ကလဲ အလိုက်သင့် နေပေးပါတယ် မည်သို့သော စကားမျှ မပြောဘဲ သားအလိုတိုင်း လိုက်လုပ်ပေးနေပါတယ်။ မိခင်ရဲ့ဆံနွယ်စတွေကို ဘီးလေးနဲ့ ယုယစွာ ဖြီးပေးနေရင် ဆံနွယ်စလေးတွေကို နမ်းရှိုက်နေပါတယ်။ ဆံပင်တွေ ရှင်းပေးပြီး မိခင်ကို နောက်က သိုင်းဖတ်ထားမိပြန်ပါတယ်။ မိခင်ကတော့ ငြိမ်သက်လျှက်ပါပဲ။ သားရဲ့ လက်တွေကို စုတ်ကိုင်ထားပါတယ်။ ကဲ သား…သားတို့ ရှေ့တန်းထွက်ဖို့ ပြင်ဆင်နေကြတယ် မလား ပစ္စည်းတွေ မကျန်စေနဲ့ သေချာလုပ်… သား သွားလုပ်တော့ အမေလဲ ဒီမနက်ဘဲ ပြန်မယ် ကဲ သွားသွား လုပ်ချေတော့။  
           အမေရဲ့ ခွင့်ပြုသံနှင့်အတူ စားချာလဲ ထွက်ခွာသွားပါတော့တယ်။ သားထွက်သွားသည်နဲ့ တဲလေးထဲကထွက်ပြီး ရှေ့တန်းထွက်ရန် ပြင်ဆင်နေသော စစ်သားများရဲ့ လှုပ်ရှားမှုတွေကို လိုက်ကြည့်နေပါတယ်။ အော်ကြ ဟစ်ကြ ၊ ပြေးလိုက် လွှားလိုက် မြင်ကွင်းမျိုးစုံကို ကြည့်နေပါတယ်။ သိပ်မကြာသော အချိန်အတွင်းမှာဘဲ ထွက်ခွာရန် အားလုံး အဆင်သင့်ဖြစ်နေပါပြီ။ 
            မိခင် စိတ်မကောင်းမည်ကို သိသဖြင့် နုတ်မဆက်ဘဲ ထွက်ခွာတော့မည်ဟု ဆုံးဖြတ်၍ မိခင်ရှိရာကို ကျောပေးထားပြီး ကားပေါ်တက်နေရာ ယူထားလိုက်ပါတော့တယ် ။ သို့သော် ထိုသူသည် မိမိ၏ သားဖြစ်သည်ကို ချက်ချင်းသိလိုက်သူက “မိခင်အို” …။ အပြေးတစ်ပိုင်းလေးနဲ့ ကားနားသို့အရောက် သွားလိုက်ပါတယ်။ မိမိ၏ မိခင် ရောက်လာသည်ကို လည့်မကြည့်ဘဲ သိနေသူက “သား”။ သား အမေ့အတွက် စိတ်မပူနဲ့နော် သား စိတ်ဖြောင့်ဖြောင့်သွား… ဘုရားတရားမမေ့နဲ့ ကျန်းမာရေး ဂရုစိုက်….ဟူသော စကားများ မပြတ်တမ်း ပြောနေလေသည် ။ 
           သား သည်လဲ ရှေ့ကိုသာ ကြည့်မြဲ ကြည့်မြဲနေပါတော့တယ်။ သို့သော် မိခင်၏ တစ်ဖွဖွ  ပြောနေသော စကားတွေကြောင့် ထိန်းထားသော စိတ်တို့သည် ဘယ်လိုမှ ထိန်းမရသည့်အဆုံး ကားပေါ်မှ ခုန်ချလာပါတော့တယ်။ မိခင်ကို မျက်ရည်တွေ သုတ်ပေးရင် ပွေ့ဖက်လိုက်ပါတယ်။ အမေ့ကိုယ် အမေသာ နေကောင်းအောင်နေနော် သားအတွက် မပူနဲ့ သားက စစ်သားပါအမေရ သားအလုပ်တွေကို သားနားလည်တယ် အမေ မပူနဲ့နော် သားနေလဲကောင်းတယ် အချိန်တန်ရင် ပြန်လာမယ်နော် အမေ…သားနားမှာ အမေအမြဲတမ်းရှိနေတယ် အမေ…သားဘာမှမဖြစ်ဘူး အမေ…။ သားရဲ့စကားသံ တို့အောက်မှာ ခေါင်းကို တသွင်သွင် ငုံ့နေမိပါတယ်။ မျက်ရည်တို့သည် စီးဆင်းမြဲ စီးဆင်းဆဲပါ။ အေးပါသားရယ် အမေ့နားမှာလဲ သားအမြဲရှိပါတယ်… အမေ့ရဲ့ မေတ္တာဓါတ်တို့နဲ့ ငါ့သားပေါ် ကျရောက်လာမယ့် အန္တရယ်တို့သည်လည်း အဝေးကို လွင့်စင်ကုန်မှာပါသားရယ်…နေကောင်း ကျန်းမာအောင် အစစ အရာရာ ဂရုစိုက်ပါသား… ကဲကဲ…သွားတော့သား အမေ့တွက် မပူနေနဲ့…။ မိခင်၏ စကားအဆုံးမှာဘဲ ဒူးတုတ်ထိုင်ချလိုက်ပြီး လက်စုံမိုးလို့ မိခင်ရဲ့ ခြေဖမို့ပြင်ကို နဖူးနဲ့ အသာယာထိခါ ရှိခိုး ဦးတိုက်ပါတော့တယ်။ ကားစက်နိုးသံနှင့်အတူ သားငယ် ထရပ်လိုက် သည်တွင် မိခင်အိုကြီး ဆက်ခနဲ တုန်ယင်သွားမိပါတော့တယ်။ သို့သော် မိမိ၏သား သိသွားမည်  ဆိုးရိမ်သဖြင့် တဒင်္ဂ အတွင်းမှာဘဲ တည်ငြိမ်ရင့်ကျက်သော အသွင်နှင့် …မိခင်အို။ စားချာလဲ အင်္ကျီ  အတွင်းမှ picket ဦးထုပ်လေးကို နှိုက်ယူ၍ ဦးထုပ်ခြင်းလဲဆောင်းလိုက်ပြီး မိခင်အား ပြုံးပြလေသည် ။ ထို့နောက် ပြန်လည် ချွတ်လိုက်ပြီး picket ဦးထုပ်လေးအား နမ်းလိုက်ပြန်သည်။ ဦးထုပ်လေးကို ယူ၍ မိခင်အား ဆောင်းပေးပြီး…. အမေ့အတွက် သားပိုင်တဲ့ သားရဲ့ လက်ဆောင်ပါ အမေ....။ 
          မိခင်လဲ ဦးထုပ်လေးကို ကိုင်ထားလျှက်… ကျေးဇူးပါပဲ ငါ့သားရယ် အမေသိမ်းထားပါ့မယ်…ကဲ သားကြီး သွားတော့ နောက်ကျလိမ့်မယ်။ မိခင်၏ စကားအဆုံး ချက်ခြင်း ကားပေါ်သို့ တက်သွားပါ တော့တယ်။  ကားတန်းကြီး ထွက်သွားသည်ကို မလှုပ်မရှက် ရပ်ကြည့်နေသည့် မိခင်အို… အလိပ်လိပ် ထွက်နေသော ဖုန်လုံးကြီးများနှင့်… တသွင်သွင်စီးဆင်းနေသော မျက်ရည်စများနှင့် ဆူညံသံတွေ တိတ်ဆိတ် သွားသည်အထိ ရပ်နေမိသည့် မိခင်အိုနှင့် ရှေ့တန်းစစ်မြေပြင်မှ သားတို့သည် မည်သည့်အချိန်များမှ ပြန်လည် ဆုံဆည်းနိုင်မည်ကို ဘုရားရှင်မှ လွဲ၍ မည်သူမျှ….



ရှင်းသန့် 9.02.2011

0 comments:

Post a Comment